◾️ ခရီးသွားမြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ဟု ယာယီသမ္မတ ပြောကြား
၃. ၁၂. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်တွင် လေယာဉ်ရပ်နားရန် နေရာအသစ်နှင့် လေဆိပ်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် အနီးစခန်းလေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်ရှင်းလင်းဆောင်ခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်လေယာဉ်ရပ်နားရန်နေရာသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဆောက်အအုံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။




ရှင်းတင်ပြမှုများအပေါ် ယာယီသမ္မတက တည်ဆောက်ခြင်းလုပ်ငန်းတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနီးစခန်းလေဆိပ်အား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည် ရှမ်းပြည်နယ်အတွင်းသို့ လာရောက်သည့် ခရီးသွားပြည်သူများအား အဓိကပို့ဆောင်ပေးသည့် နေရာဖြစ်စေရေးနှင့် ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လာရောက်လည် ပတ်သူများ အဆင်ပြေချောမွေ့စွာဖြင့် ခရီးသွားလာနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ဒေသထွက်ပစ္စည်းများ၊ အသီးအနှံများအား အခြားဒေသများသို့ ပိုမိုလွယ်ကူလျင်မြန်စွာ ဖြန့်ဝေပို့ဆောင်ပေးနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လေဆိပ်အား အဆင့်မြှင့်တင်ပေးခြင်းနှင့်အတူ ပြင်ဦးလွင်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကားလမ်းများအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းဘေးဝဲယာ၌ လူသွားပလက်ဖောင်းများကိုလည်း အဆင့်မီစွာဖြင့် ထည့်သွင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။
