◾️ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်ကြောင်း အမှန်တိုင်းရှု့မြင်ရန် အချိန်တန်ပြီ
◾️ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ကျင့်သုံးနေခြင်းကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာအပေါ် ထိပါးလာသည့် ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဍိုင်ပြုထားသည့် ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအားနှင့် တွန်းလှန်ချေမှုသွားရမည်မှာ မွေးရာပါသမိုင်းပေးတာဝန်ဖြစ်ကြောင်း ပြောကြား
၃. ၁၂. ၂၀၂၅
Written by Nyein Kyaw
လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းသည့်ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့သည်ကို သင်ခန်းစာယူရန်လိုပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆိုးဝါးစွာ ပြုလုပ်ခဲ့သည့် မဲမသမာအမှုများကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် အကြမ်းဖက် NUG၊ CRPH အဖွဲ့များသည် တပ်မတော်အနေဖြင့် ဒီမိုကရေစီနောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များကို လွဲမှားသည့်မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်။ ဒီလို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့် ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြပါက ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်း တရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ် ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှုပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာတွေကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားလိုတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၃၃၉ တွင် “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံ၏ကာကွယ်ရေး ရည်မှန်းချက် တာဝန်တွင်လည်း “နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်း အင်အားစုများကို အခြေခံ၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကြိုးပမ်းဖော်ဆောင်ရန်” လို့ ဖော်ပြပါရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေနှင့် ဖြစ်ပျက်နေသည် နိုင်ငံတကာအခြေအနေများအပေါ် မူတည်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် ပြည်သူတစ်ရပ်လုံးပါဝင်သည့် အင်အားစုများနှင့် တည်ဆောက်သွားမှသာ ခိုင်မာမှုရှိမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ဒို့နိုင်ငံရဲ့ကာကွယ်ရေး မဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကျင့်သုံးနေတာကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအပေါ် ထိပါးနှောင့်ယှက်လာတဲ့ ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဍိုင်ပြုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအားတွေနဲ့ တွန်းလှန် ချေမှုန်းသွားကြရမှာက နိုင်ငံသားတိုင်းရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ပဲဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
