◾️ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်နှင့်တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရန် မှာကြား
၃.၁၂.၂၀၂၅
Written by Nyein Kyaw
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနား ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးပြီးနောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၅၉၊ ဗိုလ်လောင်း မြတ်သီဟ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၂၄၊ ဗိုလ်လောင်း ဟိန်းဝေလင်း၊ စာပေထူး ချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၂၅၊ ဗိုလ်လောင်း တင့်အောင်ထူး၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၂၇၀၊ ဗိုလ်လောင်း ဟိန်းထက်နိုင်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၁၄၊ ဗိုလ်လောင်း ထက်ဝေယံအောင်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့ပြီး စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။





ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထူးချွန်ဆုရသူများအနေဖြင့် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာ ကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘဆွေမျိုးများနှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံးတွင်လည်း စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် မိမိတို့ဘဝ တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





ထို့အတူ ဗိုလ်လောင်းသင်တန်း လေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာ အောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ ယနေ့ ညနေပိုင်းတွင် ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
