၂.၁၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန် က ဗင်နီဇွဲလားနိုင်ငံ မြေပြင်တိုက်ခိုက်မှုဖြစ်နိုင်ခြေကို စဉ်းစားလာနေချိန်မှာပဲ ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို ကလည်း ဗင်နီဇွဲလားပြည်သူတို့က မိမိနိုင်ငံကို မိမိ ကာကွယ်သွားကြဖို့ အသင့်ရှိကြတယ်လို့ ဒီဇင်ဘာလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က အဓိကလေယာဉ်တင်သင်္ဘောကြီးတစ်စင်းနဲ့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာတို့ကို ကာရစ်ဘီယံပင်လယ်မှာ တပ်ဖြန့်ချထားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်မားလာနေပါတယ်။ ခုလို အမေရိကန်ဘက်က မြေပြင်တိုက်ခိုက်မှုကို စဉ်းစားနေတယ်ဆိုတာ အလားအလာတွေပြနေချိန်မှာပဲ ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ် မာဒူရိုက ဗင်နီဇွဲလားနိုင်ငံသားတွေဟာ သူတို့ရဲ့နိုင်ငံကို ကာကွယ်ဖို့ အသင့်ဖြစ်နေတယ်လို့ တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဒီဇင်ဘာလ ၁ ရက်ညနေပိုင်းမှာပဲ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ထရမ့်ပ်က မြေပြင်တိုက်ခိုက်မှုတွေ သိပ်မကြာခင်ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့သေးတာပါ။ ခုလို အမေရိကန်အစိုးရနဲ့ တင်းမာမှုတွေမြင့်တက်လာနေတဲ့ကြားကပဲ သမ္မတမာဒူရိုက ကာရာကာ့စ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်က လူထုစုဝေးပွဲတစ်ရပ်ကိုပြုလုပ်ပြီး ခုလိုပြန်လည် ပြောကြားတုံ့ပြန်ခဲ့တာပါ။




ထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့နဲ့ အစည်းအဝေးမှာ ဘယ်အကြောင်းအရာတွေ ဆွေးနွေး ခဲ့တာကို အတည်မပြုပေမယ့် အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ကာရိုလင်းလီဗစ်က သတင်းထောက်တွေကို သမ္မတမှာ ရွေးချယ်စရာများစွာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ကာရစ်ဘီယံပင်လယ်မှာ အမေရိကန်အစိုးရက မူးယစ်ဆေးဝါးမှောင်ခိုသမားတွေက မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ဆိုပြီး စက်လှေတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာတော့ နှစ်နိုင်ငံအစိုးရ တင်းမာမှုတွေ စတင်မြင့်တက်ခဲ့တာပါ။ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားကမ်းခြေကို မူးယစ်ဆေးဝါး တွေ သယ်ဆောင်လာတယ်လို့ဆိုပြီး စက်လှေတွေကို အနည်းဆုံး ၂၁ ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ဖြူတော်က မစ္စတာ မာဒူရိုအား မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခဲ့တာ ပါ။ ဒါပေမယ့် မာဒူရိုက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
လူ ၈၀ ကျော် သေဆုံးခဲ့ရတဲ့ လှေတိုက်ခိုက်မှုတွေဟာ လူသတ်မှုနဲ့ ညီမျှပြီး မစ္စတာ ထရမ့်ပ်ရဲ့ စစ်မှန်တဲ့ လှုံ့ဆော်မှုက မစ္စတာ မာဒူရိုကို ရာထူးမှ ဖယ်ရှားပြီး နိုင်ငံရဲ့ရေနံကို ရယူဖို့ဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရ က ပြောကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မူးယစ်ဂိုဏ်းတွေကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တစ်ခုခုနဲ့ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ အဓိက လေယာဉ်တင် သင်္ဘောနဲ့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာတို့ကို ကာရစ်ဘီယံပင်လယ်နဲ့ အရှေ့ပစိဖိတ်မှာ ကြီးမားစွာ တပ်ဖြန့်ချထားမှုက တင်းမာမှုတွေ မြင့်မားလာစေတာပါ။။
အမေရိကန်က စက်လှေတွေကို တိုက်ခိုက်ဖောက်ခွဲနေတဲ့ ဗီဒီယိုတွေကို ထုတ်ပြန်ခဲ့ပေမယ့် သူ့ရဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်တယ်လို့ စွပ်စွဲချက်တွေကို ထောက်ခံဖို့ မူးယစ်ဆေးဝါး ဓာတ်ပုံတွေလိုမျိုး သက်သေအထောက်အထားတွေ တစ်စုံတစ်ရာ မပေးအပ်ခဲ့ပါဘူး။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ကတော့ “ကျွန်ုပ်တို့သတ်ဖြတ်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတိုင်းဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်စပ်နေတယ်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
မကြာသေးမီရက်တွေမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ထားသင့်တယ်လို့ ပြောကြားခဲ့ပြီး တောင်အမေရိကတိုက်က ဗင်နီဇွဲလားနိုင်ငံကလည်း အမေရိကန်ရဲ့ လုပ်ဆောင်မှုက သူ့နိုင်ငံကို ကိုလိုနီခြိမ်းခြောက်မှု ပြုတာဖြစ်ပြီး ဥပဒေနဲ့မညီ၊ တရားမျှတမှု မရှိတဲ့ ကျူးကျော်မှုလို့ ခေါ်ဆိုခဲ့ပါတယ်။
Ref : Sky News
