သက်တန့်
၂. ၁၂. ၂၀၂၅
မလှုပ်သည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်သည့် မန္တလေးငလျင်ကြီး၏ ၂၄၇ ကြိမ်မြောက်ငလျင်က ယနေ့ညနေတွင် ထပ်မံလှုပ်ခတ်ခဲ့ရာ ငလျင်မှာ ပြင်းအားရှိသလို တော်လဲသံပါကာ စက္ကန့်အနည်းငယ်ကြာ လှုပ်ခတ်သဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရသည်။
မြေငလျင်သတင်းများစင်တာ၏ ဖော်ပြချက်အရ ယခု ညနေ ၅ နာရီခွဲခန့်က လှုပ်ခတ်သော ငလျင်သည် စဉ့်ကိုင်မြို့အနီး၊ မန္တလေး၏ မြောက်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိပြင်းအားဖြင့် လှုပ်ခတ်သွားသည်ဟု သိရသည်။
“ငလျင်က တော်လဲသံလည်းပါတယ်။ ပြင်းလည်းပြင်းတယ်။ စက္ကန့်အနည်းငယ်ကြာအောင် လှုပ်သွားလို့ မူးလည်းမူးသွားတယ်။ ငလျင်မလှုပ်တာကြာပြီဆိုတော့ ပြီးသွားပြီထင်တာကို ပြင်းအားသိသိသာသာကြီးနဲ့ ထပ်လှုပ်သွားတာ” ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။
သို့သော် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကမူ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ် ၅၅ စက္ကန့်က လှုပ်ခတ်သော ငလျင်သည် စဉ့်ကိုင်မြို့၏ အရှေ့၊ အရှေ့မြောက်ဘက် ၁၄ မိုင်အကွာကို ဗဟိုပြု၍ အနက် ၃၃ ကီလိုမီတာမှ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၂ ဖြင့် လှုပ်ခတ်သည့်ဟု ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်သည့် မန္တလေးငလျင်ကြီးကြောင့်သေဆုံးသူ ၃,၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၆ ဦး၊ ပျောက်ဆုံးသူ ၅၁၀၄ ဦး၊ အိမ်ပေါင်း ၅၁,၁၄၅ အိမ် ထိခိုက်ခဲ့သည့်အပြင် ကျောင်း ၂,၅၉၈ ကျောင်း၊ ဌာန ဆိုင်ရာအဆောက်အဦ ၃,၃၁၀၊ ဆေးရုံ/ ဆေးခန်း ၇၂၅ ခု၊ ဘာသာရေး အဆောက်အဦ ၅,၆၁၁၊ ရထားလမ်း ၅၆ ခု၊ ဘူတာရုံ ၂၇ခု၊ တံတား ၁၀၁ ခု၊ လမ်း ၄၀၃လမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ နေရာ ၂၈၄ နေရာ၊ ဆက်သွယ်ရေးတာဝါတိုင် ၁၀ခု၊ ကွန်ကရစ်တိုင် ၅၆ခု၊ လျှပ်စစ်တာဝါတိုင် ၁၀ တိုင်၊ ဓာတ်တိုင် ၃,၁၂၃ တိုင်၊ ဆည်မြောင်း ၅၉၄၊ တာတမံ ၆ ခု၊ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်း ၆၀၊ ရေအရင်းအမြစ် ၁၇၄ ခု၊ ဘုရား/စေတီ ၆,၄၂၄ ဆူတို့ ပျက်စီးခဲ့ကာ ဒေါ်လာသန်းထောင်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။
ဓာတ်ပုံ – မြေငလျင်သတင်းများစင်တာ
