၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စတော့ခ်တန်မြို့မှာ ပုံမှန်အားဖြင့် ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကလေးငယ်တစ်ဦးရဲ့ မွေးနေ့ပါတီပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်ညက ကျင်းပနေတုံး အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်သုံးဦးနဲ့ အခြားတစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ သံသယရှိသူ သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ စတော့ခ်တန်မြို့မှာဖြစ်ခဲ့တဲ့ အဲဒီကြေကွဲဖွယ်ဖြစ်ရပ်ဟာ ကျောင်းတွေ၊ ဈေးဝယ်စင်တာတွေ၊ အရက်ဆိုင်တွေနဲ့ ရုံးခန်းအဆောက်အအုံတွေလို အမေရိကန်လူ့အသိုင်းအဝိုင်းက နေ့စဉ်သွားလာလှုပ်ရှားနေတဲ့နေရာတွေမှာ တိုးပွားလာနေတဲ့ သေနတ်နဲ့ပစ်ခတ်အကြမ်းဖက်မှုတွေ စာရင်းမှာ ထပ်တိုးပါဝင်လာခဲ့တာပါပဲ။
ဆန်ဂျိုကွင်ထရိုင် ရဲတပ်ဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဟယ်သာဘရင့်က ပစ်ခတ်ခံရသူတွေမှာ ကလေးတွေ လူကြီးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ဒေသခံဆေးရုံတွေကို ပို့ဆောင်ထားတဲ့ ဒဏ်ရာရသူတွေရဲ့ အခြေအနေတွေကို ချက်ချင်းမထုတ်ပြန်သေးပါဘူး။
“အစောပိုင်းလက္ခဏာတွေအရတော့ ဒါက ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်တယ်ဆိုတာ ညွှန်ပြနေတယ်။ တက်ကြွတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေတုံးပဲဖြစ်လို့ သတင်းအချက်အလက်တွေ ပေးမှုကိုတော့ ကန့်သတ်ထားဦးမှာပါ” လို့ ဘရင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သူမက သေဆုံးသူတွေရဲ့ အမည်ကိုထုတ်ဖော်ပြောကြားတာတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် သေဆုံးသူတွေက အသက် ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ့်လေးနှစ်နဲ့ နှစ်ဆယ့်တစ်နှစ်ကြားရှိသူတွေ အသီးသီးဖြစ်ကြတယ်လို့ နိုဝင်ဘာလ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း သေဆုံးသူတွေရဲ့ အမည်တွေကို မထုတ်ပြန်သေးပါဘူး။
ရဲတပ်ဖွဲ့ရုံးရဲ့ ပြောကြားချက်အရ ပစ်ခတ်မှုက စတော့ခ်တန်မြို့ရဲ့မြောက်ပိုင်းမှာ နိုဝင်ဘာလ ၂၉ ရက် ညနေ ၆ နာရီမတိုင်မီ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ Dairy Queen အပါအဝင် စီးပွားရေးလုပ်ငန်းများစွာနဲ့ ကားရပ်နားရာနေရာတစ်ခုကို မျှဝေထားတဲ့ မွေးနေ့ပွဲကျင်းပရာခန်းမမှာ ကလေးငယ်တစ်ဦးအတွက် မွေးနေ့ပွဲတစ်ခု ကျင်းပနေပြီး လူ ၁၀၀ မှ ၁၅၀ အထိ တက်ရောက်နေတယ်လို့ ဆိုပါတယ်။ စတော့ခ်တန်ဟာ ဆာခရာမန်တိုမြို့ကြီးရဲ့တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာ ရှိပါတယ်။။
သံသယရှိသူ သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဘရင့်က ပြောပါတယ်။ စုံစမ်းရေးမှူးတွေက ဖြစ်နိုင်ခြေရှိတဲ့ ရည်ရွယ်ချက်ကို ဆုံးဖြတ်ဖို့ လုပ်ဆောင်နေတုန်းမှာ အရာရှိတွေက ပြည်သူလူထုကို သတင်းအချက်အလက်တွေ အကူအညီပေးဖို့ တိုက်တွန်းနေကြပါတယ်။ “စုံစမ်းစစ်ဆေးသူတွေက ဖြစ်နိုင်ခြေအားလုံးကို စူးစမ်းလေ့လာနေကြတယ်”လို့ ဘရင့်က ပြောခဲ့ပါတယ်။
သေနတ်အကြမ်းဖက်မှုမှတ်တမ်းအရ ၂၀၂၅ ခုနှစ်အတွင်း အခုထိ အမေရိကန်မှာ သေနတ်သမား (ရဲတပ်ဖွဲ့ကချေမှုန်းစဥ် ပစ်ခတ်ခံရမှု) မပါဝင်ဘဲ အနည်းဆုံး လူလေးဦး ပစ်ခတ်ခံရတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၃၈၀ ကြိမ် ရှိခဲ့ပါတယ်။
Ref-CNN


