၁.၁၂.၂၀၂၅
Written by Hey Mar
မနေ့က နိုဝင်ဘာ ၃၀ ရက်နေ့ ညဦးပိုင်းနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းက အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုနှစ်ခု ဖြစ်ပွားခဲ့တယ်လို အမြန်လမ်းမီးသတ်တပ်ဖွဲထံကနေ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ အချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်းအပိုင် အမြန်လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၇၃မိုင်၊ ၂ ဖာလုံနဲ့ /၃ ဖာလုံကြားမှာ TOYOTA LANDCRUISER အမျိုးအစား အဖြူရောင်ယာဉ်တစ်စီး မောင်းနှင်နေစဉ် အင်ဂျင်ဝိုင်ခမ်းခြောက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါသူ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း လေးဦးစလုံး ထိခိုက်မှုမရှိခဲ့ဘဲ ယာဉ်မောင်းဖြစ်သူ ဦးသိန်းမိုင် ၅၈ နှစ်ကို ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းမရှိဘဲ ပေါ့ဆစွာမောင်းနှင်လို့ ယာဉ်မီးလောင်ကျွမ်းစေခဲ့တာကြောင့် အုတ်ရှစ်ကုန်းရဲစခန်းက (ပ)၃၂/၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်း ၅ နာရီ ၁၀ မိနစ် အချိန်ခန့်ကလည်း နေပြည်တော်-ရန်ကုန် ဘက်အခြမ်း မိုင်တိုင်အမှတ် ၆၉ မိုင် ၂ ဖာလုံအနီးမှာ Hijet အဖြူရောင်ယာဉ်တစ်စီးက လမ်းလယ်ကျွန်းရှိ ခရေပင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတဲ့ သတင်းအရ ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းက သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဥ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ ကလေး(မိန်းကလေး) ၂ ဦးတို့မှာ မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တာကြောင့် အမြန်လမ်းအရေးပေါ်လူနာတင်ယာဉ်( 192 )ယာဉ်နဲ့ မြို့ချောင်းဆေးရုံဆီ ပိုဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။








