၁.၁၂.၂၀၂၅
Written by Nay Yaung Lin
လမ်းမတော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ယနေ့အချိန်ထိ ရုံးခန်းငှား၍ မရသေးကြောင်း ဒီဇင်ဘာ ၁ ရက်တွင် နောက်ဆုံးမေးမြန်းမှုအရ သိရသည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သည့် လမ်းမတော်မြို့နယ်တွင် ရုံးခန်းငှားရန် ကြိုးစားမှု ၁၂ ခန်းခန့်ရှိပြီဖြစ်သော်လည်း ငှားမည်ဟုပြောပြီးမှ ပျက်ပြယ်သွားကြောင်း ဦးကိုကိုကြီးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျွန်တော် လမ်းမတော်မြို့နယ်ထဲမှာ အခန်းငှားဖို့ကြိုစားတာ ၁၀ ခန်း၊ ၁၂ ခန်းလောက်ရှိပါပြီ။ အဲဒီမြို့နယ်မှာ ဘယ်လိုမျိုး အကြောက်တရားတွေဖြစ်နေလဲ။ ဖိအားပေးနေသလဲ မသိဘူး။ ကျွန်တော်တို့ ရုံးခန်းငှားလို့မရဘူး။ အခုလည်း ဆက်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေတုန်းပါပဲ။ နောက်ဆုံးပြောရရင် ကျွန်တော်တို့ကိုယ်တိုင် ပလက်ဖောင်းပေါ်မှာ လုပ်တာထက်စာရင် အိန္ဒြေရရနဲ့ ရုံးခန်းလေးနဲ့ သပ်သပ်ရပ်ရပ်လုပ်ချင်တာပေါ့။ နောက်ဆုံး လမ်းမတော်မြို့နယ်မှာ ပါတီဥက္ကဋ္ဌ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မဲ့ မြို့နယ်မှာ အခန်းငှားဖို့၊ သွားဖို့၊ နေရာတိုင်းမှာ ငှားမယ်လို့ပြောပြီးကာမှ ပျက်ပျက်သွားတာ။ ဒါလည်း ကျွန်တော်တို့ တောက်လျှောက်ကြုံခဲ့ရတဲ့ အခက်အခဲပါ “ ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် Free and Fair ဖြစ်ရန်လိုအပ်ပြီး Fair မဖြစ်ပါက ရွေးကောက်ပွဲ ဂုဏ်သိက္ခာအပေါ်တွင် ထိခိုက်မှုရှိကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ဆိုတာက Free and Fair ဖြစ်ဖို့လိုတယ်။ Free ဖြစ်ရမယ်ဆိုတာက ခြိမ်းခြောက်မှု၊ ကြောက်ရွံ့စိုးရိမ်မှု တစ်စုံတစ်ရာမရှိဘဲနဲ့ လွတ်လွတ်လပ်လပ်ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့လိုတယ်။ Fair ဖြစ်ရမယ်ဆိုတာကတော့ ပြိုင်မဲ့ပါတီအားလုံးက Level playing field ပေါ့ ဟုတ်လား။ တန်းတူညီတူအခွင့်အရေးရှိဖို့လိုတယ်။ ကျွန်တော်တို့မှာ ရုံးခန်းတစ်ခန်းဖြစ်ဖို့တောင် အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဘာပဲပြောပြော တော်တော်ကို မတောင့်မတ၊ မကြောင့်မကြဘဲနဲ့ အဆင်ပြေနေတဲ့ ပါတီတွေလည်း ရှိနေကြတယ်။ အဲဒီတော့ ပင်ကိုယ်အလျှောက် ငွေရေးကြေးချို့တဲ့လို့ တန်းတူရည်တူမဖြစ်နိုင်တာကတော့ ရွေးကောက်ပွဲသက်တမ်းကာလတစ်ခုစီမှာ ကြိုးစားမှုနဲ့ဆိုင်တယ်။ အဲဒီတော့ Fair မဖြစ်ဘူးဆိုရင်တော့ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာအပေါ်မှာလည်း ထိခိုက်မှုရှိတယ်“ ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ပထမပိုင်း စတင်ကျင်းပတော့မည်ဖြစ်ရာ ပြည်သူ့ပါတီ ဥက္ကဋ္ဌအနေဖြင့်ရွေးကောက်ပွဲကျင်းပရန် ၂၇ ရက်သာလိုတော့သည့်အချိန်ထိ လမ်းမတော်မြို့နယ်တွင် ရုံးခန်းပြုလုပ်မည့် အခန်းငှား၍ မရသေးခြင်းဖြစ်သည်။
“ဒီနေ့ ဒီဇင်ဘာ ၁ ရက်အထိ အခန်းငှားလို့ မရသေးဘူး“ ဟု ပြည်သူ့ပါတီ(ဗဟို ဌာနချုပ်)မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်မြိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဒေါက်တာဥမ္မာကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးကျော်လင်းတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်ကို လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် နိုဝင်ဘာ ၂၈ ရက်က စိုက်ထူဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီဝန်းရံသူများ တက်ရောက်ခဲ့ကြသည်။





