၁.၁၂.၂၀၂၅
Written by Nay Yaung Lin
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် ဗန်ကောက်မြို့၊ မြန်မာသံရုံး၌ ဒီဇင်ဘာ ၆ ရက်တွင် မဲရုံဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဒီဇင်ဘာ ၁ ရက် ကြေညာချက်အရ သိရသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့၊ မဲရုံအား ဒီဇင်ဘာ ၆ ရက်နှင့် ဒီဇင်ဘာ ၇ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ-၁၅ များကို အောက်တိုဘာ ၁၅ ရက်၊ ညနေ ၄ နာရီခွဲအတွင်း ပေးပို့တင်ပြခဲ့သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဖော်ပြပါနေ့ရက်နှင့် အချိန်အတိုင်း သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ပါကြောင်းသိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲလာရောက်ပေးရာတွင် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်း ယူဆောင်လာကြရန် အသိပေကြေညာထားသည်။
မဲရုံတည်နေရာမှာ ဗန်ကောက်မြို့ ၊ မြန်မာသံရုံးတည်ရှိသည့် 110, Sathorn Nuea Road, Silom, Bangrak, 10500, Bangkok ဟု ဖော်ပြထားသည်။
ထို့ပြင် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန်အတွက် စင်ကာပူမြို၊ မြန်မာသံရုံး၏ မဲရုံကို မူလက ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖွင့်လှစ်မည်ဖြစ်သော်လည်း ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြောင်းလဲပြုလုပ်သွားမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ကြိုတင်မဲလာရောက်ပေးနိုင်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၂၈ ရက်က အသိပေးကြေညာထားသည်။
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကြိုတင်မဲပေးရာတွင် ပုံစာ ၁၅ ဖြည့်စွက်၍ ကြိုတင်ဆန္ဒမဲလက်မှတ်တောင်းဆိုထားသည့် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲလာရောက်ပေးရာတွင် မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း) ယူဆောင်လာရန်လည်း ကြေညာထားသည်။
