၂၈.၁၁.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အိမ်ဖြူတော်အနီး ပစ်ခတ်မှုတစ်ရပ် နိုဝင်ဘာလ ၂၆ ရက်က ဖြစ်ပွားပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်မှာတော့ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့အစိုးရက လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းဖြိုခွင်းမှုကို အရှိန်မြှင့်တင်ခဲ့ကာ စိုးရိမ်ရတဲ့နိုင်ငံတွေလို့ ဆိုတဲ့ နိုင်ငံ ၁၉ နိုင်ငံမှ လူတွေကို ထုတ်ပေးထားတဲ့ Green Card (အမြဲတမ်းနေထိုင်ခွင့် – Permanent Resident Card) အားလုံးကို ထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ အမေရိကန်အစိုးရက ပြန်လည်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံသားနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ဆောင်မှုဌာနညွှန်ကြားရေးမှူး ဂျိုး အယ်လ် ဒိုးက “သမ္မတရဲ့ညွှန်ကြားချက်အရ၊ အမေရိကန်ကိုရောက်နေတဲ့ စိုးရိမ်ရတဲ့နိုင်ငံတိုင်းမှ နိုင်ငံခြားသား တိုင်းအတွက် ထုတ်ပေးထားတဲ့ Green Card တိုင်းကို အပြည့်အဝ တင်းကျပ်စွာ ပြန်လည်စစ်ဆေးဖို့ ကျွန်တော်အမိန့်ပေးထားပါတယ်” လို့ လူမှုကွန်ရက် X မှာ နိုဝင်ဘာလ ၂၇ ရက်က ရေးသားခဲ့ပါတယ်။
သမ္မတရဲ့ ကြေညာချက်အရ စိုးရိမ်ရတဲ့နိုင်ငံတွေ အဖြစ်သတ်မှတ်တဲ့စာရင်းမှာအာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီယယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန် နဲ့ ဗင်နီဇွဲလားတို့ ပါဝင်တယ်လို့သိရပါတယ်။
နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနကနိုဝင်ဘာလ ၂၇ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ထိုနိုင်ငံ ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူတွေကို စိစစ်ရာမှာ ဌာနအနေနဲ့ အခုအခါ နိုင်ငံအလိုက်သတ်မှတ်ထားတဲ့ အပြုသဘောမဆောင်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံအနေနဲ့ လုံခြုံမှုရှိတဲ့ မှတ်ပုံတင်စာရွက်စာတမ်းတွေ ထုတ်ပေးနိုင်တာ ရှိ၊ မရှိ ဆိုတဲ့အချက် ပါဝင်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်က အိမ်ဖြူတော်အနီးဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုမှာ သံသယရှိရသူက အာဖဂန်နစ္စတန်နိုင်ငံသားဖြစ်တာကိုတွေ့ရှိခဲ့ပြီးနောက်မှာတော့ အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ဖို့ ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တာပါ။
နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနကိုကြီးကြပ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်မှာ အတည်ပြုခဲ့တဲ့ ခိုလှုံခွင့်အမှုအားလုံးကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်မှ ဆုတ်ခွာပြီးကတည်းက အာဖဂန်လူမျိုး ၁၉၀,၀၀၀ ကျော်ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က ဖလော်ရီဒါပြည်နယ်ရှိ Mar-a-Lago ကလပ်မှာ ပြောကြားခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ အိမ်ဖြူတော်အနီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားလို့ စွပ်စွဲခံရသူကို အမေရိကန်ကို ခေါ်ဆောင်လာခဲ့တာအတွက် သမ္မတဟောင်း ဂျိုးဘိုင်ဒန် အစိုးရကို အပြစ်တင်ခဲ့ပြီး တိုက်ခိုက်မှုက အမေရိကန် နိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို မီးမောင်းထိုးပြတာပဲလို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က “ဘိုင်ဒန် လက်ထက်မှာ အာဖဂန်နစ္စတန်မှ ကျွန်တော်တို့နိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတိုင်းကို ကျွန်တော်တို့ ပြန်လည်စစ်ဆေးရမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံနဲ့ မသက်ဆိုင်တဲ့ ဒါမှမဟုတ် နိုင်ငံအတွက် အကျိုးကျေးဇူး မဖြစ်စေတဲ့ ဘယ်နိုင်ငံမှ နိုင်ငံခြားသားတွေမဆို ဖယ်ရှားဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေအားလုံးကို လုပ်ဆောင်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က သူ့အရင် သမ္မတဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်သို့ ဝင်ရောက်လာတဲ့ သိရှိမှု လည်း မရှိ၊ စိစစ်လည်းမထားတဲ့ နိုင်ငံခြားသား သန်း ၂၀ လို့လည်း ဖော်ပြ ညည်းညူခဲ့ပြီး သူတို့က အမေရိကန်နိုင်ငံသားတို့ရဲ့ ရှင်သန်မှုအတွက် အန္တရာယ်လို့ ရှုမြင်ခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ် က လူမှုကွန်ရက် X မှာ ရေးသားခဲ့ရာမှာ ကျွန်တော်တို့နိုင်ငံက နည်းပညာပိုင်းမှာ တိုးတက်နေခဲ့တာတောင် လူဝင်မှုကြီးကြပ်ရေးမူဝါဒက လူအများအပြားအတွက် တိုးတက်မှုတွေ၊ လူနေမှုအခြေအနေတွေမှာ ယုတ်လျော့လာနေတယ်။ ကျွန်တော့်အနေနဲ့ ဂျိုးဘိုင်ဒန်လက်ထက်က ဥပဒေနဲ့မညီ လူသန်းပေါင်းများစွာ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့်ပေးနေတာကို အဆုံးသတ်ရပ်ဆိုင်းမှာဖြစ်ပြီး တတိယကမ္ဘာနိုင်ငံတွေကနေ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်တာကိုလည်း အမြဲတမ်းရပ်သွားမှာပါ။ ဒီနည်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့စနစ်ကို ပြန်လည်ကောင်းမွန်စေမှာပါ လို့ ဆိုခဲ့ပါတယ်။
သူက ဆက်လက်ပြီး “ဂျိုးဘိုင်ဒန်လက်ထက်က ဥပဒေ နဲ့မညီ လူသန်းပေါင်းများစွာ ဝင်ရောက်လာတာကို ခွင့်ပြုလက်မှတ်ထိုးဖို့အတွက် ဘိုင်ဒန်ရဲ့ လက်မှတ်ပုံတူပွားစက်နဲ့ အတည်ပြုခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေအတွက် အကျိုးကျေးဇူးနဲ့ ထောက်ပံ့ငွေပေးမှုတွေကို အဆုံးသတ်ရမယ်။ ပုံစံပြောင်းထားကဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်ရဲ့ အေးချမ်း ငြိမ်သက်မှုကို ပျက်ပြားစေပြီး အနောက်လူနေမှုစနစ်နဲ့ သဟဇာတမဖြစ်တဲ့ ဘယ်နိုင်ငံခြားသားမဆို နှင်ထုတ်ရမှာဖြစ်တယ်။ ဒီရည်မှန်းချက်တွေကို တရားမဝင်လည်းဖြစ်ပြီး အနှောင့်အယှက်လည်းဖြစ်နေတဲ့ လူဦးရေကို အဓိကလျှော့ချပြီး ရယူနိုင်မှာဖြစ်တယ်။ ဒီလိုဖြစ်လာအောင် လုပ်ပိုင်ခွင့်မရှိတဲ့၊ ဥပဒေနဲ့လည်းမညီတဲ့ လက်မှတ်ပုံတူပွားစက်ကို အသုံးပြုဆောင်ရွက်ခဲ့တာပဲ”လို့ သမ္မတဟောင်းဂျိုးဘိုင်ဒန် အစိုးရကို အပြစ်ပြောခဲ့ပါတယ်။
အခုလို အစိုးရရဲ့ Green Card တွေကို ပြန်လည်စစ်ဆေးဖို့ နောက်ဆုံးလှုပ်ရှားမှုက ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြောကြားချက်နဲ့လည်း ကိုက်ညီနေပါတယ်။ Green Card ဆိုတာ အမေရိကန်မှာ ကိုင်ဆောင်သူကို နိုင်ငံရဲ့ တရားဝင်အမြဲတမ်းနေထိုင်သူအဖြစ် သတ်မှတ်တဲ့ စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ ဒါက ထရမ့်အစိုးရမှ ကန့်သတ်ရန် ကြိုးစားပြီးဖြစ်တဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်အစီအစဉ်တွေနဲ့ ကွာခြားပေမယ့် ဒုက္ခသည်တွေဟာ အမေရိကန်မှာ တစ်နှစ်နေထိုင်ပြီးနောက် Green Card အတွက် လျှောက်ထားကြရပါတယ်။
Ref- CNN, X
