◾️ ယခုတွေ့ဆုံဆွေးမှုများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်ဆုံး ဆွေးနွေးမှုအဖြစ် သတ်မှတ်နိုင်ကြောင်းပါ ပြောကြား
၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ကြားဝင်နှောင့်ယှက်မည့် ပုဂ္ဂိုလ်များကို ဂရုမပြုဘဲ ရှေ့လျှောက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြားသည်။
မြန်မာနိုင်ငံတော်ယာယီသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ယာယီသမ္မတက ဘယ်လာရုစ်သမ္မတအား နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံကြိုဆိုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထို့နောက် မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့က သတင်းစာရှင်းလင်းပွဲ အတူတကွ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဘယ်လာရုစ်သမ္မနိုင်ငံ သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ဆွေးနွေးမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ နှစ်နိုင်ငံကြားမှာ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနဲ့နည်းပညာဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ပူးပေါင်းဆိုင်ရာကိစ္စရပ်များ အစရှိတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် မည်သည့်ပုဂ္ဂိုလ်မှ ကြားဝင်နှောက်ယှက်မှုမရှိခဲ့သော်လည်း ဒီဟာတွေကို ဂရုမပြုဘဲနဲ့ ရှေ့လျှောက်ပြီးတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။
ယခုပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံမှ ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ရှေ့ရှုပြီးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယင်းဆောင်ရွက်မှုများကို ဆက်လက်ကာကွယ်မည်ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံဆွေးမှုများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်ဆုံး ဆွေးနွေးမှုအဖြစ်ပါ သတ်မှတ်နိုင်ကြောင်း ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။
ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးမှုများသည် ယနေ့ တစ်ရက်တည်း တွေ့ဆုံဆွေးနွေးမှုဖြင့် ရယူခဲ့ခြင်းမဟုတ်ဘဲ ယခင်ကတည်းက နှစ်နိုင်ငံတာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အချင်းချင်း ဆွေးနွေးထားခဲ့ခြင်းဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသည့်ရလဒ်များအရ မြန်မာနိုင်ငံအတွက် လိုအပ်ချက်ရှိနေသည့် လိုအပ်ချက်များအားလုံးကို ဘယ်လာရုစ်နိုင်ငံဘက်မှ ဖြည့်ဆည်းပေးနိုင်သလို ဘယ်လာရုစ်ဘက်မှ လိုအပ်ချက်ရှိနေသည့် သက်ဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံက ဖြည့်ဆည်းပေးနိုင်မည်ဆိုခြင်းကို သဘောတူရရှိခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။
“ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် စီးပွားရေး၊ ကုန်သွယ်မှု၊ ကုန်သွယ်စီးပွားရေး တိုးမြှင့်ဖို့အတွက် ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ထပ်မံပြီးတင်ပြလိုတာကတော့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ တားမြစ်ထားတဲ့၊ လျှို့ဝှက်ထားတဲ့ အကြောင်းအရာ၊ အချက်အလက် ဘာမှမရှိပါဘူး။ အားလုံးပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပါတယ်” ဟု ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။

ဘယ်လာရုစ်နိုင်ငံ၏ ပစ္စည်းများကို မြန်မာနိုင်ငံသို့ ရောင်းချခြင်းသာမဟုတ်ဘဲ ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံတွင် ပူးတွဲကုမ္ပဏီများ တည်ထောင်လိုကြောင်း ဘယ်လာရုစ်နိုင်ငံ သမ္မတက ပြောကြားသည်။
