၂၈.၁၁.၂၀၂၅
Photo by Thiri
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အချိန်တစ်လသာ လိုတော့ပြီး ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း အသီးသီးကလည်း မိမိတို့ပါတီနဲ့အတူ မိမိဝင်ရောက်ယှဉ်ပြိုင်တဲ့ မြို့နယ်မှာ ရွေးကောက်ခံရရေးအတွက် ပြည်သူတွေနဲ့ ကွင်းဆင်းထိတွေ့ မဲဆွယ်စည်းရုံးရေးဆင်းနေကြပြီလည်း ဖြစ်ပါတယ်။


ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြုပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံတဲ့ ဒေါက်တာသန်းဟိန်းစိုးက ပါတီမူဝါဒနဲ့ ကျင့်စဉ်တွေအပါအဝင် သူ ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရပါက ဆောင်ရွက်မယ့် ကတိကဝတ်တွေကို ပြည်သူကို မဲဆွယ်ပြောပြစည်းရုံးရေးဆင်းခဲ့ပါတယ်။


ပြည်သူတွေနဲ့ ထိတွေ့စကားပြောတဲ့အခါ ပြည်သူလိုအပ်ချက် ဆန္ဒတွေ အပြန်အလှန်ပြောဆိုဖြစ်တဲ့ စကားတချို့ကို ဒေါက်တာ သန်းဟိန်းစိုးက ပြောပြရာ “ကျွန်တော် ရွေးကောက်ခံမယ့် လသာမြို့နယ်က ဧရိယာ အကျယ်အဝန်းအားဖြင့်လည်း အရမ်းကြီး မကြီးပေမယ့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးရှိတယ်။ ကုတင် ၂၀၀၀ ဆံ့ ဆိုပေမယ့် အနယ်နယ်အရပ်ရပ်က လူနာတွေနဲ့ ဆေးရုံကြီးက ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းအင်အား မမျှမတဖြစ်နေတာ ကြာခဲ့ပြီ။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာလည်း တအားကို ဝန်အားမမျှလို့ ပင်ပန်းကြရသလို လူနာတွေမှာလည်း ဂရုစိုက်မှု ဒီထက် ပိုမိုရရှိအောင် ဆောင်ရွက်ပေးချင်တယ်။ အခုထက် ပိုမို အဆင့်မြှင့်တင်ချင်တာပါ” လို့ ဆိုပါတယ်။
လသာမြို့နယ်ဟာ သံဈေး၊ သိမ်ကြီးဈေး အပါအဝင် ရန်ကုန်မြို့ရဲ့ China Town ဖြစ်တဲ့အတွက် အခြားမြို့နယ်အသီးသီးကနေ လာရောက်မှီခို ရောင်းဝယ်ဖောက်ကားကြသူတွေနဲ့ စည်ကားတဲ့ နေရာလည်း ဖြစ်ပါတယ်။


