◾️ အထူးသဖြင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစားနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့
◾️ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရန် ဘယ်လာရုစ်နိုင်ငံရှိ မြန်မာကောင်စစ်ဝန်ရုံးကို သံရုံးအဆင့်တိုးမြှင့်သွားရန်နှင့် ဘယ်လာရုစ်ကိုယ်စားလှယ်ရုံးကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် သဘောတူညီခဲ့
၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ယနေ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစားနှင့်ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ယာယီသမ္မတက ဘယ်လာရုစ်သမ္မတအား နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့က သတင်းစာရှင်းလင်းပွဲ အတူတကွ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတော်ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် အရေးပါသည့် မိတ်ဆွေအဆင့်နိုင်ငံများဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရဆုံးသောနိုင်ငံဖြစ်သလို မြန်မာနိုင်ငံကလည်း ဘယ်လာရုစ်နိုင်ငံ၏ ယုံကြည်စိတ်ချရဆုံးနိုင်ငံဖြစ်စေရမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၂၆ နှစ်ပြည့်ပြီးဖြစ်သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာကြောင်း ယာယီသမ္မတက ပြောကြားသည်။

ဘယ်လာရုစ်နိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဘယ်လာရုစ်နိုင်ငံ၏ နိုင်ငံ့အကြီးအကဲ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းသည် မှတ်တမ်းဝင်ခရီစဉ်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးခရီးကို ရောက်ရှိနေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ တွေ့ဆုံမှုနောက်ပိုင်းတွင် ယခင်တွေ့ဆုံခဲ့စဉ် သဘောတူညီချက်များကို အချိန်တိုနှင့် အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်၊ အထူးသဖြင့် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ အားကစားနှင့်ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ရေး ပိုမိုတိုးတက်ခိုင်မာစေဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံရဲ့ မင့်စ်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကိုလည်း သံရုံးအဆင့်တိုးမြှင့်သွားဖို့နဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ ကိုယ်စားလှယ်ရုံးကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်သွားဖို့ သဘောတူညီခဲ့ပြီးဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြားတွင် တည်ရှိသည့်အတွက် ကြီးမားသည့်ဈေးကွက်ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများရှိသည့် မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ယာယီသမ္မတ ပြောကြားသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေသည့်အပြင် ပြီးခဲ့သည့် အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာလိုက်သည့် ယာယီခိုလှုံခွင့်ရ (TPS) လွတ်ကင်းသည့် မြန်မာနိုင်ငံသားများကိုလည်း လက်ခံဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း ဒီမိုကရေစီအရေးတွင် ငြိမ်းချမ်းစွာ လက်တွဲဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံသို့ ပြန်လာရန်ကြိုဆိုကြောင်းလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
