၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် နိုဝင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံကြိုဆို တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ယနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ပူဇော်ခဲ့ခြင်းဖြစ်သည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိလာခြင်းသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ သံတမန်သက်တမ်း ၂၆ နှစ်အတွင်း ဘယ်လာရုစ်သမ္မတတစ်ဦး၏ ပထမဆုံး သမိုင်းဝင်ခရီးစဥ်ဖြစ်သည်။
