၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် နိုဝင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဘယ်လာရုစ်သမ္မတ၏ အထူးလေယာဥ် မြန်မာ့လေပိုင်နက်အတွင်း ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံ ပျံသန်းကြိုဆိုခဲ့သည့်အပြင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိချိန်တွင်လည်း ဘယ်လာရုစ်သမ္မတကို မြန်မာနိုင်ငံက ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ ခမ်းခမ်းနားနား ကြိုဆိုခဲ့သည်။
မြန်မာနိုင်ငံတော်ယာယီသမ္မတက နိုဝင်ဘာလ ၂၈ ရက် (ယနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ ရောက်ရှိလာသည့် ဘယ်လာရုစ်နိုင်ငံသမ္မတအား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဥ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို့သည် သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတတို့က မီဒီယာများအား သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိလာခြင်းသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ သံတမန်သက်တမ်း ၂၆ နှစ်အတွင်း ဘယ်လာရုစ်သမ္မတတစ်ဦး၏ ပထမဆုံး သမိုင်းဝင်ခရီးစဥ်ဖြစ်သည်။
ထို့ကြောင့် ဘယ်လာရုစ်နိုင်ငံသမ္မတ၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်အား ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ လမ်းတစ်ခုကိုလည်း ဘယ်လာရုစ်နိုင်ငံ မြိုတော်ဖြစ်သည့် “မင့်စ်မြို” ကို အစွဲပြုပြီး “မင့်စ်လမ်း” ဟု အခမ်းအနားဖြင့် ဂုဏ်ပြုအမည်ပေးခဲ့သည်။
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော ဘယ်လာရုစ်သမ္မတသည် အိုမန်နိုင်ငံသို့ အလုပ်သဘောခရီးစဥ် ဆက်လက် သွားရောက်မည်ဖြစ်ကြောင်းလည်း Belta သတင်းဌာနက ဖော်ပြထားသည်။
