သက်တံ့
၂၈. ၁၁. ၂၀၂၅
သီရိလင်္ကာနိုင်ငံတစ်ဝန်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၅၆ ဦးအထိ တိုးလာပြီး အိမ်ခြေ ၆၀၀ ကျော် ပျက်စီးခဲ့၍ အစိုးရရုံးများနှင့် ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်သည်ဟု အစိုးရအရာရှိများက ပြောကြားသည်။
သီရိလင်္ကာသည် ပြီးခဲ့သည့်အပတ်ကတည်းက ဆိုးရွားသော ရာသီဥတုဒဏ်ကို ခံစားနေရပြီး ယမန်နေ့ ကြာသပတေးနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုမိုးကြောင့် အိမ်များ၊ လယ်ကွင်းများ၊ လမ်းများ ရေလွှမ်းမိုးခြင်းနှင့် နိုင်ငံတစ်ဝန်း မြေပြိုမှုများ ထပ်မံ ဖြစ်ပွားခဲ့သည်။
မြို့တော် ကိုလံဘို၏ အရှေ့ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၁၈၆) ခန့်အကွာတွင်ရှိသော အလယ်ပိုင်း တောင်ပေါ် လက်ဖက်စိုက်ပျိုးရာ ဘဒူလာနှင့် နူဝါရာအယ်လီယာဒေသများတွင် ကြာသပတေးနေ့တစ်နေ့တည်းပင် မြေပြိုမှုများကြောင့် လူ ၂၅ ဦးကျော် သေဆုံးခဲ့သည်။





AP သတင်းအေဂျင်စီက ကိုးကားဖော်ပြသော အစိုးရ၏ ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ သတင်းအချက်အလက်များအရ ဘဒူလာနှင့် နူဝါရာအယ်လီယာဒေသများတွင် အခြားလူ ၂၁ ဦး ပျောက်ဆုံးနေပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နိုင်ငံ၏ အခြားနေရာများတွင်လည်း မြေပြိုမှုကြောင့် သေဆုံးသူများ ရှိခဲ့သည်။
ရာသီဥတုအခြေအနေများ ပိုမိုဆိုးရွားလာသောကြောင့် အစိုးရက ယနေ့ သောကြာနေ့တွင် အစိုးရရုံးများနှင့် ကျောင်းအားလုံးကို ပိတ်ကြောင်း ကြေညာခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလှောင်ကန်များနှင့် မြစ်အများစုသည် ရေလျှံကာ လမ်းများကို ပိတ်ဆို့နေသည်။ ကျောက်တုံးများ၊ ရွှံ့များနှင့် သစ်ပင်များက လမ်းများနှင့် ရထားလမ်းများပေါ် ပြိုကျခြင်း၊ အချို့နေရာများတွင် ရထားလမ်းများ ရေလွှမ်းမိုးခြင်းတို့ကြောင့် အာဏာပိုင်များက ခရီးသည်တင်ရထားများကို ရပ်ဆိုင်းခဲ့ပြီး နိုင်ငံ၏ နေရာအများအပြားရှိ လမ်းများကို ပိတ်ခဲ့ရသည်။
ကြာသပတေးနေ့က ရေကြီးမှုဝိုင်းရံနေသော အိမ်ခေါင်မိုးပေါ်တွင် ပိတ်မိနေသူ သုံးဦးကို လေတပ်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည့်ပုံများကို ဒေသတွင်း ရုပ်သံများက ပြသခဲ့ပြီး၊ ရေတပ်နှင့် ရဲတပ်ဖွဲ့တို့ကလည်း ဒေသခံများကို သယ်ယူပို့ဆောင်ရန် လှေများကို အသုံးပြုခဲ့သည်။
ကြာသပတေးနေ့ ရုပ်သံမှတ်တမ်းများတွင် အရှေ့ပိုင်း အမ်ပါရာ (Ampara) မြို့အနီး၌ ကားတစ်စီး ရေစီးကြောင်းတွင် မျောပါသွားကာ ခရီးသည် သုံးဦး သေဆုံးသွားသည်ကိုလည်း ပြသခဲ့သည်။
Ref: Al Jazeera
