◾ ထပ်မံထုတ်ပြန်မည့်မဲစာရင်း မထုတ်ပြန်မီ အသေးစိတ် တိုက်ဆိုင်စစ်ဆေးအတည်ပြုဆောင်ရွက်ရန်လိုအပ်ဟု ပြောကြား
၂၈.၁၁.၂၀၂၅
Written by Nay Yaung Linn
ပိုမိုတိကျမှန်ကန်သည့် မဲစာရင်းဖြစ်ရေး သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင် ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသတချို့တွင် မဲစာရင်း အနည်းငယ် ကွဲလွဲနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ ပိုမိုတိကျ မှန်ကန်သော မဲစာရင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ ကွဲလွဲမှုများ ဖြစ်ပေါ်ရခြင်းမှာ နေရာဒေသအလိုက် ပြောင်းဝင်/ပြောင်းထွက်၊ သေဆုံးသူများ အခြားသော အကြောင်းများကြောင့် ဖြစ်ပေါ်မှုများအပေါ် ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ပုံစံများဖြင့် ပြန်လည်လျှောက်ထားမှုများအား သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း” မှာကြားခဲ့သည်။
ထို့ပြင် ထပ်မံထုတ်ပြန်မည့် မဲစာရင်းပိုမိုတိကျမှန်ကန်စေရေးအတွက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှသည် ခရိုင်/တိုင်းအဆင့် ကော်မတီအဆင့်ဆင့်မှ အဖွဲ့စုံဖြင့် မဲစာရင်းမထုတ်ပြန်မီ အသေးစိတ်တိုက်ဆိုင်စစ်ဆေး အတည်ပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင် ပါဝင်၍ မဲပေးပိုင်ခွင့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး e-ID Server အတွင်းစိစစ်ထည့်သွင်းကာ အတည်ပြုလူဦးရေစာရင်းများကို အဆင့်ဆင့်ပြုစုခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်းများကို (၆) ကြိမ်တိတိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ ထပ်မံတိုက်ဆိုင်စစ်ဆေး၍သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးကာ ကြီးကြပ်မှုဗဟိုကော်မတီသို့ ပေးပို့ခဲ့ပြီး ဗဟိုကော်မတီမှလည်း ပြန်လည်စိစစ်အတည်ပြုကာ အထက်အဆင့်ဆင့်သို့ တင်ပြ အတည်ပြုချက်ရယူ၍ မဲဆန္ဒရှင်စာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။




ယင်းစာရင်းများကို (၆) ကြိမ်တိတိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ ထပ်မံတိုက်ဆိုင်စစ်ဆေး၍သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးကာ ကြီးကြပ်မှုဗဟိုကော်မတီသို့ ပေးပို့ခဲ့ပြီး ဗဟိုကော်မတီမှလည်း ပြန်လည်စိစစ်အတည်ပြုကာ အထက်အဆင့်ဆင့်သို့တင်ပြ အတည်ပြုချက်ရယူ၍ မဲဆန္ဒရှင်စာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပါကြောင်း ယင်းအတည်ပြုစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS စနစ်ဖြင့်ပြန်လည် စိစစ်အတည်ပြု၍ မဲစာရင်းပြုစုကာ (၂)ကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် လည်း အကြောင်းမျိုးမျိုးကြောင့် နေရာဒေသတချို့၌ မဲစာရင်း အနည်းငယ်ကွဲလွဲနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်း (၂) ကြိမ် ထုတ်ပြန်ခဲ့မှုနှင့်ပြည့်စုံမှန်ကန်ရေးအတွက် ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ပိုမိုတိကျမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်က မဲစာရင်းတိကျ မှန်ကန်စေရေးနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုရှိစေရေး သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးလှိုင်က ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည့် မဲစာရင်း အခြေအနေနှင့် ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ပဲခူးတိုင်းဒေသကြီး၏မဲစာရင်း တိကျမှန်ကန်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့စုပေါင်းခန်းမ၌ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း ပိုမိုတိကျ မှန်ကန်စေရန် ဒေသပြောင်းရွေ့ နေထိုင်မှုများ၊ သေဆုံးသူများ၊ အခြားသောအကြောင်းများကြောင့် မဲစာရင်းတွင် ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
