၂၇. ၁၁. ၂၀၂၅
Written by Nay Moe
ပုလော PDF တွေက ပြည်ခိုင်ဖြိုးပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်နဲ့ ရပ်ကွက်ရုံးကို မီးရှို့ဖျက်ဆီးတဲ့အပြင် စာတိုက်ရုံးအတွင်းက တံဆိပ်ခေါင်းတွေပါ ခိုးဝှက်လုယက်မှု ကျူးလွန်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီ ၂၅ မိနစ်အချိန်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို PDF ၁၀ ဦးခန့်က လက်နက်ငယ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ၂၅ မိနစ်အကြာမှာ အကြမ်းဖက်သမားတွေက နန်းတောင်ကျေးရွာဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတာပါ။
ဒီလို ထွက်ပြေးသွားတဲ့ PDF တွေက ပုလောမြို့နယ်၊ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်၏ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့လို့ RC တစ်ထပ်၊ သွပ်မိုးရုံး အဆောက်အအုံ တစ်လုံး၊ ရုံးစားပွဲ လေးလုံး၊ ပလပ်စတစ်ထိုင်ခုံ ၃၀ လုံး၊ မဲဆန္ဒရှင် ၂,၂၇၃ ဦးရဲ့ အမည်စာရင်းတွေ ကပ်ထားတဲ့ အထပ်သားကြော်ငြာဆိုင်းဘုတ် သုံးခု၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၅ သိန်းခန့်နဲ့ ဦးဇာနည်အောင် ပိုင်ဆိုင်တဲ့ RC နှစ်ထပ်၊ သွပ်မိုး နေအိမ်တစ်လုံး တန်ဖိုးငွေကျပ် သိန်း ၂၅၀ ခန့်တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထွက်ပြေး PDF တွေက ပုလောမြို့နယ် မြန်မာ့ဆက်သွယ်ရေးစာတိုက်ရုံးအတွင်း ဝင်ရောက်ပြီး ရုံးခန်းအတွင်းရှိ စာရွက်စာတမ်းတွေ၊ ၅၀၀ ကျပ်တန် တံဆိပ်ခေါင်း ၁၅၀ ခု၊ ၁၀၀ ကျပ်တန် တံဆိပ်ခေါင်း ၂၅၀ ခု၊ ၁၆၀၀ ကျပ်တန် အထူးတံဆိပ်ခေါင်း ရှစ်ချပ်ကိုပါ ခိုးဝှက်လုယက်ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။
