၂၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၏ အနောက်မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်အတွင်း ဗဟိုပြုကာ ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၃ ရှိသော ငလျင်တစ်ခု နိုဝင်ဘာလ ၂၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁း၅၆ နာရီက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၊ အေစီပြည်နယ်နှင့် ဆက်စပ်နေသော ပင်လယ်ပြင်အတွင်း မြေအောက် ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုများကို မသိရသေးသော်လည်း ငလျင်လှုပ်ခတ်မှုများကို မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံမှပင် ခံစားခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဆူမားတြားဒေသတွင် မကြာသေးမီက ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၂၆ ရက်ကလည်း ဆူမားတြားမြောက်ဘက်၊ စာတွန်ပြည်နယ်၏ အနောက်တောင်ဘက် ၄၃၁ ကီလိုမီတာခန့်အကွာတွင် ပြင်းအား မဂ္ဂနီကျူ့ ၄ ဒသမ ၆ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်ကလည်း ဆူမားတြားမြောက်ဘက်တွင် ပြင်းအား မဂ္ဂနီကျူ့ ၄ နှင့် ၄ ဒသမ ၈ အသီးသီးရှိသော ငလျင်နှစ်ခု လှုပ်ခတ်ခဲ့သေးသည်။
ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆူနာမီ ဖြစ်နိုင်ခြေမရှိကြောင်း သိရသည်။
Ref-Nation Thailand
