၂၇.၁၁.၂၀၂၅
Written by Hey Mar
မနေ့ကညဦးပိုင်းမှာ ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခုအတွင်း သက်ကြီးပိုင်းနှစ်ဦး ယာဉ်တိုက်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။
ပထမဖြစ်စဉ်က အလုံမြို့နယ်၊ ဆင်မင်းဈေးအနီးက ကွန်တိန်နာတွဲကားတွေ အဖြတ်များတဲ့ ကျောက်လမ်းပေါ်မှာ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်အတွင်း အသက် ၇၀ ဝန်းကျင် အဘွားအိုတစ်ဦး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ဆင်မင်းဈေးကနေ ဆင်းလာရင် Toll Gate မရောက်ခင် ဆီဆိုင်နားက ကျောက်လမ်းမပေါ်မှာ ဖြစ်တာပါ။ အနီးအနားရပ်ကွက်ကပဲ ဖြစ်မယ်ထင်ပါတယ်။ တိုက်တဲ့ ကားသမားလည်း မိတယ်” လို့ MT News ကို ပြောပါတယ်။
သေဆုံးရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
နောက်ဖြစ်ရပ်တစ်ခုက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး (၇) စျေးလမ်းထိပ်မှာ မနေ့က နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တွဲကားတစ်စီးက လမ်းဖြတ်ကူးတဲ့ အသက်(၆၀)ဝန်းကျင်ခန့် အမျိုးသားကြီးကို တိုက်မိတာလို့ သိရပါတယ်။
“ကွန်တိန်နာက တိုက်ပြေးသွားတာ။ အတိုက်ခံရသူက နှလုံးတော့ခုန်နေသေးတယ်ပေါ့။ ဒါပေမယ့် ဦးခေါင်းထိတာ ပြင်းထန်တယ်။ ဦးနှောက်တချို့ထွက်နေတယ်။ ရန်ကုန်ဆေးရုံကြီးတော့ မနေ့က ပို့လိုက်ပါတယ်” လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ဆိုပါတယ်။
အဆိုပါ လူနာအမျိုးသားကြီးကို အောင်နိုင်သူ လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
