၂၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်အနီး ဝါရှင်တန်မြို့လယ်တွင် နိုဝင်ဘာလ ၂၆ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ၌ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟု သံသယရှိသူကို တိုက်ခိုက်မှုအတွင်း သေနတ်ဒဏ်ရာများ ရရှိပြီးနောက် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။


အမည်မဖော်လိုသော အမေရိကန်အစိုးရအရာရှိနှစ်ဦး၏ ပြောကြားချက်အရ စုံစမ်းစစ်ဆေးသူများက သေနတ်သမားဟု သံသယရှိသူမှာ ဝါရှင်တန်ပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် အာဖဂန်နိုင်ငံသား ရာမာနူလာ လာကန်ဝါလ်ဖြစ်သည်ဟု ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အနောက်ဗာဂျီးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သားနှစ်ဦးက အိမ်ဖြူတော်မှ လမ်းအနည်းငယ်အကွာရှိ ၁၇ လမ်းနှင့် ၁ လမ်းထောင့်အနီးတွင် ကင်းလှည့်နေစဉ် မွန်းလွဲ ၂း၁၅ နာရီခန့်တွင် သေနတ်သမားက ထောင့်တစ်ခုအနီးသို့ ရောက်ရှိလာပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ်ဂျက်ဖ်ကာရိုးလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပစ်ခတ်မှုအပြန်အလှန်ဖြစ်ပွားပြီးနောက် အခြားအမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက သေနတ်သမားကို နှိမ်နင်းနိုင်ခဲ့ကြောင်း ၎င်းကညပြောကြားခဲ့သည်။ ဒဏ်ရာရစစ်သားနှစ်ဦးမှာ ဒေသတွင်းဆေးရုံများတွင် စိုးရိမ်ရသောအခြေအနေတွင် ရှိနေကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို FBI မှ ညွှန်ကြားရေးမှူး ကက်ရှ်ပီတယ်လ်က ပြောကြားခဲ့သည်။
ဝါရှင်တန်မြို့တော်ဝန် မျူရီယယ် ဘရောက်ဆာက ထိုဖြစ်ရပ်မှာ ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သေနတ်သမားက တစ်ဦးတည်းလုပ်ဆောင်ခဲ့ပုံရကြောင်းလည်း အရာရှိများက ပြောကြားခဲ့သည်။
လာကန်ဝါလ်သည် အာဖဂန်နစ္စတန်ဒုက္ခသည်များအား ပံ့ပိုးကူညီသည့် Operation Allies Welcome အစီအစဉ်အောက်တွင် ၂၀၂၁ ခုနှစ်၌ အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဟု သိရသည်။ ထိုအစီအစဉ်က အာဖဂန်စစ်ပွဲအတွင်း အမေရိကန်ကို ကူညီခဲ့ပြီး အမေရိကန် ဆုတ်ခွာပြီးနောက် အာဏာရ တာလီဘန်များ၏ လက်စားချေမှုကို ခံရနိုင်ခြေရှိသော အာဖဂန်ထောင်ပေါင်းများစွာကို ပြန်လည်နေရာချထားရန် သမ္မတဂျိုးဘိုင်ဒန် လက်ထက်က ပြုလုပ်ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည်။
လာကန်ဝါလ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ခိုလှုံခွင့်လျှောက်ထားခဲ့ပြီး သမ္မတဒေါ်နယ်ဒ် ထရမ့်ပ် ရာထူး တာဝန် ထမ်းဆောင်ပြီး သုံးလအကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ခိုလှုံခွင့် ခွင့်ပြုခံခဲ့ရကြောင်း အရာရှိက ပြောကြားခဲ့သည်။ ၎င်းက လာကန်ဝါလ်တွင် ရာဇဝတ်မှုကျူးလွန်မှု မှတ်တမ်းမရှိကြောင်းလည်း ပြောခဲ့သည်။
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ဖလော်ရီဒါပြည်နယ်ရှိ အပန်းဖြေစခန်း၌ ရှိနေခဲ့သော သမ္မတ ထရမ့်ပ်က ကြိုတင်မှတ်တမ်းတင်ထားသော ဗီဒီယိုကြေညာချက်တစ်စောင်ကို နိုဝင်ဘာလ ၂၆ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်မှုကို “မကောင်းမှုလုပ်ရပ်တစ်ခု၊ အမုန်းတရားလုပ်ရပ်တစ်ခုနှင့် အကြမ်းဖက်မှုလုပ်ရပ်တစ်ခု” ဟု ခေါ်ဆိုခဲ့သည်။ ၎င်းက အစိုးရအဖွဲ့အနေဖြင့် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က အမေရိကန်သို့ ရောက်ရှိလာသော အာဖဂန်လူမျိုးအားလုံးကို ပြန်လည်စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က ဝါရှင်တန်သို့ အမျိုးသားအစောင့်စစ်သား ၅၀၀ ထပ်မံစေလွှတ်ရန် အမိန့်ပေးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ပစ်ခတ်မှုက အိမ်ဖြူတော်မှ လမ်းအနည်းငယ်အကွာတွင်ရှိပြီး ရုံးဝန်ထမ်းများအတွက် လူကြိုက်များသော နေ့လယ်စာစားရာနေရာတစ်ခုဖြစ်သည့် ဖာရာဂတ်ရင်ပြင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေများက သေနတ်ပစ်ခတ်မှုများ ပစ်ခတ်ပြီးနောက် လမ်းသွားလမ်းလာများ ထွက်ပြေးကာ ဖရိုဖရဲဖြစ်ခဲ့ကြောင်း ပြောကြသည်။
ဤသို့ အကြမ်းဖက်ပစ်ခတ်မှု၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာမသိသေးရကြောင်းလည်း သိရသည်။
Ref-Reuters
