နေမိုး
၂၇. ၁၁. ၂၀၂၅
အသက် ၉၀ အရွယ်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူအလုပ်လုပ်ရန် အားတင်းထားသည်ဟု အစိုးရ၏ လွတ်ငြိမ်းဖြင့် ယနေ့ပြန်လွတ်လာသော၊ ပါတီမှတ်ပုံပြန်မတင်သဖြင့် အလိုအလျောက် ဖျက်သိမ်းခံလိုက်ရသော NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက အင်းစိန်ထောင်ရှေ့တွင် ကြုံးဝါး ပြောဆိုလိုက်သည်။
“၉၀ အထိ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့အတူ အလုပ်လုပ်ဖို့ အားတင်းထားတယ်”ဟု ဦးကြည်တိုးကပြောခဲ့သလို သတင်းထောက်များက ယခု လွတ်ငြိမ်းအပေါ် မည်သည့်မှတ်ချက်ပေးလိုကြောင်း မေးမြန်းမှုကိုလည်း ဦးကြည်တိုးက “ဒီအချိန်မှာ ဘာမှမပြောတာ ကောင်းမယ်။ အန်ကယ့်အကြောင်းပဲ အန်ကယ်ပြောမယ်။ ဆက်အလုပ်လုပ်ဖို့ ကျန်းမာရေးဂရုစိုက်ထားတယ်…နော်”ဟု ပြောခဲ့သည်။
ဖျက်သိမ်းခံ NLD ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ပွဲ မသမာမှု၊ အဂတိမှုများဖြင့် ထောင်ဒဏ်ကျခံနေရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုပြန်ကြားရေးတွင် အရေးပါသူ ဦးကြည်တိုးသည်လည်း ၂၀၂၁ မတ်လ ၁၈ ရက်တွင် ဆန္ဒပြလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ယနေ့တွင် အင်းစိန်ထောင်မှ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ရာဇသတ်ကြီး ပုဒ်မ (၅၀၅-က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံရသူများနှင့် ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်ပါ တရားစွဲဆိုခံထားရပြီး ပြစ်မှုကြားနာစစ်ဆေးဆဲ စုစုပေါင်း ၈,၆၆၅ ဦးအား နိုဝင်ဘာ ၂၆ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုများပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ထိုအထဲတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၇၂၄ ဦးကို ထပ်မံပြစ်မှုကျူးလွန်ပါက ဆက်လက်ကျခံမည့် ခံဝန်၊ ၂၃၆၁ ဦး ကို ကျန်ရှိပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ထိုပုဒ်မဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး၏ အမှုများကို ပိတ်သိမ်းပေးခဲ့ကာ ယနေ့နံနက်ပိုင်းတွင် ထောင်အသီးသီးမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှ ၁၉၂ ဦး ပြန်လွှတ်ပေးသည့်အထဲတွင် ဦးကြည်တိုးအပြင် တကသ ကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူနှင့် အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ဇော်လင်းထွဋ် (ခ) ဖိုးသားလည်း ပါဝင်ခဲ့သည်ဟု ကနဦး သိရသည်။
