၂၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၌ ကျင်းပခဲ့သည်။
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ပထမအဆင့် အကြီးစားပြင်ဆင်ခြင်းများ ဆောင်ရွက်ကာ ဓာတ်အား ၉၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးလျက်ရှိပြီး ယခုဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်၍ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ယခင်ထုတ်လုပ်မှုထက် ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်သဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သယံဇာတများစွာရှိသည့်အနက် ဆပ်ဘစ်တူးမင်းနပ်စ် (Sub-bituminous) အမျိုးအစား ကျောက်မီးသွေးများအားအများဆုံး တွေ့ရှိရကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးတင်အောင်စန်းက ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ကျောက်မီးသွေး အခြောက်ခံစက်တည်ဆောက်ခြင်းကြောင့် အသုံးပြုလျက်ရှိသော ဒေသထွက်ကျောက်မီးသွေး၏ စိုထိုင်းဆများပြားမှုကို လျှော့ချကာ အပူစွမ်းအင်ကို တိုးမြှင့်နိုင်ခဲ့သဖြင့် ယခင်ထက် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
