၂၇.၁၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်း၊ တညင်းကုန်းလက်ကားစျေးရုံ၊ စျေးရုံအမှတ် (၃) ရှိ ဆိုင်ခန်း ၇ ခန်းမီးလောင်မှုမှာ ဘတ္ထရီအင်ဗာတာမှ မိန်းခုံသို့သွယ်တန်းထားသော ဝါယာကြိုး Loose ဖြစ်ပြီး မီးပွားထွက်ရာမှ အနီးရှိ စားဆီနှင့် စားသောက်ကုန်ပစ္စည်းများကို မီးကူးစက်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
နိုဝင်ဘာလ ၂၆ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အလျား ၅ ပေ၊ အနံ ၁၁ ပေရှိ ဆိုင်ခန်း ၇ ခန်းနှင့် စားသောက်ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မိနစ် ၅၀ ကျော် ကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၁၃ စီး အပါအဝင် အထောက် အကူပြုယာဥ် ၂ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသောဆိုင်မှ အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
