၂၇. ၁၁. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ယနေ့ ကြာသပတေးနေ့ (နိုဝင်ဘာ ၂၇ ရက်) မနက်အစောပိုင်းတွင် စမ်းသပ်ရထားတစ်စီးသည် ရထားလမ်းလုပ်သားများကို တိုက်မိခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ပြောကြားခဲ့သည်။
နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးဌာန CCTV ၏ ဖော်ပြချက်အရ မြေငလျင်တိုင်းတာရေး ကိရိယာများကို စမ်းသပ်ရန် အသုံးပြုသော စမ်းသပ်ရထားအမှတ် ၅၅၅၃၇ သည် ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် ကူမင်းမြို့ရှိ လော့ယန်ကျန်းဘူတာ၌ လမ်းအကွေ့နေရာတွင် ရထားလမ်းထဲသို့ ဝင်ရောက်လာသည့် ဆောက်လုပ်ရေးလုပ်သားများနှင့် ယနေ့နံနက်အစောပိုင်းတွင် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ရထားတိုက်မှုဖြစ်ပွားပြီးနောက် မီးရထားနှင့် ဒေသအစိုးရ အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင်မူ ဘူတာရုံလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးနေကြောင်းလည်း သိရသည်။
Ref : SCMP
