◾ အာဏာသိမ်းမှု ဦးဆောင်သူက သမ္မတ၏ ကိုယ်ရံတော်အရာရှိဖြစ်ပြီး သမ္မတရွေးကောက်ပွဲအနိုင်ရသည်ဟုကြေညာသော လက်ရှိသမ္မတနှင့် ပြိုင်ဘက်ကိုပါ ဖမ်းဆီးထိန်းသိမ်း
သတိုး
၂၇. ၁၁. ၂၀၂၅
ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီနယ်မြေဟောင်းဖြစ်ပြီး ယခင်က ပေါ်တူဂီ ဂီနီ (Portuguese Guinea) ဟု လူသိများခဲ့သည့် ဂီနီ-ဘစ်ဆောနိုင်ငံရှိ စစ်ဘက်အရာရှိတစ်စုက နိုင်ငံကို အလုံးစုံထိန်းချုပ်လိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ကြေညာလိုက်သည်။
◾ အာဏာသိမ်းမှုဖြစ်စဥ်
၎င်းတို့၏ အာဏာသိမ်းကြေညာချက်သည် သမ္မတရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက မဲအပြတ်အသတ်ဖြင့် အနိုင်ရကြောင်း တစ်ဦးချင်းစီ ကြေညာပြီး နောက်တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ကိုယ်ကိုယ် “စနစ်တကျ ပြန်လည်တည်ဆောက်ရေးအတွက် အဆင့်မြင့် စစ်ရေးကွပ်ကဲမှုအဖွဲ့” ဟု ခေါ်ဝေါ်သော အဆိုပါ အရာရှိများသည် ဗုဒ္ဓဟူးနေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက်တစ်စောင်ကို ဖတ်ကြားခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို “နောက်ထပ် အကြောင်းကြားစာရသည်အထိ” ချက်ချင်း ဆိုင်းငံ့ရန် အမိန့်ပေးခဲ့သည်။
ထို့အပြင် ၎င်းတို့သည် ကုန်း၊ ရေ၊ လေ နယ်စပ်အားလုံးကို ပိတ်ရန်နှင့် တစ်ညတာ မထွက်ရအမိန့် (Curfew) ကိုပါ ချမှတ်ခဲ့သည်။

ဤအာဏာသိမ်းမှုသည် မြို့တော် ဘစ်ဆော (Bissau) ရှိ ရွေးကောက်ပွဲကော်မရှင်ဌာနချုပ်၊ သမ္မတနန်းတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအနီးတွင် သေနတ်သံများ ကြာရှည်စွာ ကြားရပြီးနောက် မကြာမီတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အနောက်အာဖရိကနိုင်ငံ၌ တနင်္ဂနွေနေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ မဲရလဒ်များကို ကြာသပတေးနေ့တွင် ထုတ်ပြန်ရန် မျှော်လင့်ထားသည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အူမာရို ဆစ်စိုကို အမ်ဘာလို (Umaro Sissoco Embalo) နှင့် သူ၏ အဓိကပြိုင်ဘက် ဖာနန်ဒို ဒီယက်စ် (Fernando Dias) တို့ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
”ကျွန်တော့်ကို ရာထူးက ဖယ်ရှားလိုက်ပြီ” ဟု သမ္မတ အမ်ဘာလိုက ပြင်သစ်ရုပ်သံလိုင်း France24 သို့ ဖုန်းဖြင့် ပြောကြားခဲ့ပြီး “လက်ရှိမှာတော့ စစ်ဦးစီးချုပ်ရုံးချုပ်မှာ ရှိနေတယ်” ဟု ထပ်လောင်းပြောခဲ့သည်။
အိမ်နီးချင်း ဆီနီဂေါမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် သတင်းပေးပို့ခဲ့သော Al Jazeera သတင်းထောက် Nicolas Haque ကလည်း သမ္မတ အမ်ဘာလို ဖမ်းဆီးခံထားရကြောင်း သတင်းပေးပို့ခဲ့သည်။
အဓိက အတိုက်အခံ PAIGC ပါတီခေါင်းဆောင် ဒိုမင်ဂို ဆီမိုနက်စ် ပီရဲရား (Domingos Simoes Pereira) ကိုလည်း ဖမ်းဆီးထားကြောင်း Haque က ပြောသည်။
“ဒါ့အပြင် စစ်တပ်က အင်တာနက်ကို ဖြတ်တောက်ဖို့ ကြိုးစားနေတယ်လို့ ကြားရပါတယ်။ ညမထွက်ရအမိန့်ကိုလည်း ချမှတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ဘက်အရာရှိ ဗိုလ်မှူးချုပ် ဒန်းနစ်စ် အန်ကာညာ (Denis N’Canha) သည် သမ္မတကိုယ်ရံတော် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
“သမ္မတကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့သူ ကိုယ်တိုင်က သမ္မတကို ဖမ်းဆီးလိုက်တာပါ” ဟု Haque က ဆိုသည်။
◾ အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲ
ဂီနီ-ဘစ်ဆောနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီထံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အာဏာသိမ်းမှုများနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုများ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။
ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲသည် PAIGC ပါတီကို သမ္မတရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံထားရပြီးနောက် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြားလေ့လာသူများက ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြကြောင်း Haque က သတင်းပို့ခဲ့သည်။

”ဒီ (ယခုသီတင်းပတ်) ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ အပေါ်မှာ အကျပ်အတည်းတွေ ဖြစ်လာတော့မှာဖြစ်ပြီး အဲ့ဒီအခါမှာ စစ်တပ်က ဝင်လာခဲ့တာပါ” ဟု ၎င်းက ပြောသည်။
သမ္မတ အမ်ဘာလိုနှင့် ဒီယက်စ်နှစ်ဦးစလုံးသည် ၎င်းတို့ သမ္မတအဖြစ် ရွေးကောက်ခံရပြီဖြစ်ကြောင်း ကြေညာလိုက်သည့် ပြောဆိုချက်များကို ခိုင်မာသော အထောက်အထား အနည်းငယ်ဖြင့်ပင် အောင်ပွဲခံကြောင်း ကြေညာခဲ့ကြခြင်း ဖြစ်သည်။
”ဒုတိယအကျော့ ရှိတော့မှာမဟုတ်ပါဘူး” ဟု အမ်ဘာလို၏ မဲဆွယ်စည်းရုံးရေး ပြောရေးဆိုခွင့်ရှိသူ Oscar Barbosa က အင်္ဂါနေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး သမ္မတသည် “ဒုတိယသက်တမ်းကို ရရှိလိမ့်မည်” ဟု ထပ်လောင်းပြောခဲ့သည်။
ဒီယက်စ်ကလည်း အောင်ပွဲခံကြောင်း ကြေညာခဲ့ပြီး ဆိုရှယ်မီဒီယာတွင် တင်ခဲ့သော ဗီဒီယိုတစ်ခု၌ “ဒီရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပြီးပါပြီ။ ပထမအကျော့မှာပဲ အနိုင်ရရှိခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ဂီနီ-ဘစ်ဆော၏ ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင်လည်း အဓိက ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက အနိုင်ရရှိကြောင်း အခိုင်အမာပြောဆိုခဲ့ကြသောကြောင့် ရွေးကောက်ပွဲအပြီး လေးလကြာ အကျပ်အတည်းများ ဖြစ်ပွားခဲ့ဖူးသည်။ ထိုရွေးကောက်ပွဲတွင် အမ်ဘာလိုနှင့် ပီရဲရားတို့ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
◾ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်ကို ပြန်လည်တည်ဆောက်ရန် တောင်းဆိုမှုများ
တစ်ချိန်တည်းမှာပင် အနောက်အာဖရိကဒေသတွင်း အဖွဲ့အစည်း ECOWAS နှင့် အာဖရိကသမဂ္ဂ (African Union) လေ့လာသူများက ဂီနီ-ဘစ်ဆောရှိ စစ်တပ်၏ အာဏာသိမ်းမှုအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
”ဒီ အာဏာသိမ်းကြောင်း ကြေညာချက်ဟာ သမ္မတလောင်း ဦးဆောင်သူနှစ်ဦးနဲ့ တွေ့ဆုံပြီးသွားတဲ့အချိန်မှာ ထွက်ပေါ်လာတာကို စိတ်မကောင်းဖြစ်ရပါတယ်၊ အဲ့ဒီခေါင်းဆောင်နှစ်ဦးက ပြည်သူလူထုရဲ့ ဆန္ဒကို လက်ခံဖို့ ဆန္ဒရှိကြောင်း ကျွန်တော်တို့ကို အာမခံထားခဲ့တာပါ” ဟု လေ့လာသူများက ပြောသည်။
မိုဇမ်ဘစ်နိုင်ငံ၏ သမ္မတဟောင်း Filipe Jacinto Nyusi နှင့် နိုက်ဂျီးရီးယား သမ္မတဟောင်း Goodluck Jonathan တို့ ပါဝင်သော လေ့လာရေးမစ်ရှင်များက ဒေသဆိုင်ရာ အဖွဲ့အစည်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်ကို ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
”ဖမ်းဆီးခံထားရသူ အရာရှိတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်းနှင့် အာဖရိကသမဂ္ဂ လေ့လာသူများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) သည်လည်း ဂီနီ-ဘစ်ဆောရှိ အခြေအနေကို “နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုများ” ဖြင့် စောင့်ကြည့်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က နယူးယောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အကြီးအကဲက “ဂီနီ-ဘစ်ဆောရှိ နိုင်ငံသား အားလုံးကို ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်၊ ဥပဒေစိုးမိုးရေးကို လေးစားရန်” မေတ္တာရပ်ခံခဲ့ကြောင်း ပြောသည်။
”အတွင်းရေးမှူးချုပ်ဟာ နိုင်ငံအတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောသည်။
ပေါ်တူဂီအစိုးရကလည်း ပါတီအားလုံးကို “အဖွဲ့အစည်းဆိုင်ရာ သို့မဟုတ် အရပ်ဘက် အကြမ်းဖက်မှုမျိုးစုံ” မှ ရှောင်ကြဉ်ကြရန် တောင်းဆိုခဲ့သည်။ ၎င်းတို့၏ ကြေညာချက်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ရန်အတွက် ဂီနီ-ဘစ်ဆော၏ နိုင်ငံတော်အဖွဲ့အစည်းများ လုပ်ငန်းလည်ပတ်ခွင့်ပြုရမည်ဟု ဖော်ပြထားသည်။
Ref: Al Jazeera
