◾ လူ ၁ ဒသမ ၉ သန်းခန့် ရေဘေးသင့်ရပြီး နေ့စဉ် ဘတ်ငွေ တစ်ဘီလျံမှ ၁ ဒသမ ၅ ဘီလျံအထိ ဆုံးရှုံးနေရ
၂၆.၁၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတစ်ဝန်း နိုဝင်ဘာလအတွင်း နေရာအတော်များများမှာ မိုးရွာသွန်းခဲ့ရာမှာ နိုင်ငံတောင်ပိုင်းမှာတော့ နိုဝင်ဘာလ ၁၇ ရက်ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုက အနှစ် ၃၀၀ အတွင်း အဆိုးဝါးဆုံးသော ရေလွှမ်းမိုးမှုဖြစ်စေခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်းမှာ နိုဝင်ဘာလ ၂၄ ရက်အထိ အနည်းဆုံးလူ ၁၉ ဦး ရေလွှမ်းမိုးမှုအတွင်း သေဆုံးခဲ့ရရာမှာ အများစုက လျှပ်စစ်ဓာတ်လိုက်မှုနဲ့ ရေလွှမ်းမိုးမှုနဲ့ဆက်စပ်နေတဲ့ မတော်တဆမှုတွေကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၂ ခုက ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲကြရပြီး နိုဝင်ဘာလ ၂၄ ရက်အထိ ပြည်နယ်ကိုးခုမှာ ရေလွှမ်းမိုးမှုတွေဆက်လက်ရှိနေဆဲလို့ သိရပါတယ်။ ဒေသအာဏာပိုင်တွေရဲ့ပြောကြားချက်တွေအရ ရေလွှမ်းမိုးမှုအဆိုးဝါးဆုံးဖြစ်တဲ့ ဟတ်ယိုင်မြို့ရဲ့ တချို့နေရာတွေမှာဆိုရင် မိုးရွာသွန်းမှု ၄၀၀ မီလီမီတာ(၁၅ ဒသမ ၇ လက်မ) နီးပါး အထိစံချိန်တင်ခဲ့ကာ ရေအမြင့် ၂ ဒသမ ၅ မီတာ(၈ ဒသမ ၂ ပေ) အမြင့်အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။


ဟတ်ယိုင်မြို့အတွင်း တစ်မြို့လုံးကိုရေလွှမ်းမိုးနေတာကို တွေ့ရပြီး အိမ်များမှာလည်း အမိုးအထိ လုံးဝနီးပါးရေမြုပ်နေကြကာ လမ်းတွေပေါ်မှာလည်း မော်တော်ကားများစွာတို့က ရေအောက် နစ်မြုပ်နေကြတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အိမ်တွေအတွင်း ပိတ်မိနေသူတွေကို လိုက်လံကယ်ဆယ်ကာ အစားအသောက်နဲ့ အထောက်အပံ့ပစ္စည်းတွေကို စက်လှေတွေနဲ့ လိုက်လံဝေငှနေပါတယ်။
ဟတ်ယိုင်ဆေးရုံရဲ့ မွေးကင်းစ ကလေးတွေအဆောင်မှာ မွေးကာစကလေး ၃၀ ကို သူတို့မိဘတွေမရှိဘဲတွေ့ရပါတယ်။ ကလေးတွေရဲ့မိဘတွေက စိုးရိမ်ပူပန်နေသော်လည်း ရေလွှမ်းမိုးမှုကြောင်ံ့ အသွားအလာ ပြတ်တောက်ပြီး ဆေးရုံကို မလာနိုင်ဖြစ်နေကြတယ်လို့ သိရပြီး ဆေးရုံက ကလေးတွေကို တာဝန်ယူစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ဆည်မြောင်းဌာနနဲ့ ဒေသတာဝန်ရှိသူတွေကတော့ ဒေသအတွင်းလွှမ်းမိုးမှုပြုနေတဲ့ ရေတွေကို ရေစုပ်စက်တွေ၊ ဒလက်တွေအသုံးပြုပြီး ရေလမ်းကြောင်းလွှဲကာ အနီးရှိ ဆုန်ခလာကန်နဲ့ ထိုင်းပင်လယ်ကွေ့ ထဲကို ကျရောက်ပြီး ရေလွှမ်းမိုးမှုလျော့ကျစေဖို့ ကြိုးစားနေကြပါတယ်။


မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုက နိုင်ငံတောင်ပိုင်း ပြည်နယ်ဆယ်ခုမှာ ရေလွှမ်းမိုးမှုအဆိုးဝါးဆုံး ဖြစ်ခဲ့ရာမှာ လူ ၁ ဒသမ ၉ သန်းခန့် ရေဘေးသင့် ဒုက္ခရောက်ခဲ့ကြရပြီး နေ့စဉ် ကုန်သွယ်ရေးနဲ့ခရီးသွားကဏ္ဍတို့က ဘတ်ငွေ တစ်ဘီလျံမှ ၁ ဒသမ ၅ ဘီလျံအထိ ဆုံးရှုံးနေရတယ်လို့လည်း ခန့်မှန်းကြပါတယ်။
ရက်ပေါင်းများစွာ မိုးရွာသွန်းမှုက အိမ်နီးချင်းနိုင်ငံတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ လူပေါင်း ၁၅,၀၀၀ ကျော်ဟာ ရေဘေးကင်းလွတ်ရာ နေရာတွေမှာ ခိုလှုံနေထိုင်နေကြရပေမယ့် သေဆုံးသူ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့ရာမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူ ၉၁ ဦး သေဆုံးပြီး အိမ်ထောင်စု ၁ ဒသမ ၁ သန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ လျှပ်စစ်မီးပြတ်တောက်ခဲ့ရကာ နိုဝင်ဘာလ ၂၄ ရက်မှာတော့ ရေမျက်နှာပြင် ကျဆင်းလာတယ်လို့ ရိုက်တာက ဆိုပါတယ်။
Ref-Nation Thailand, CNN, Reuters
