၂၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအား မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့အပြင် အခြားဘဏ် ၁၂ ခုတွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားခြင်းနှင့်ပတ်သက်၍ ယခင် MEB နှင့် MADB ဘဏ်၌သာ ချေးယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ PFI (Participating Financial Institutions) ဘဏ်များဖြစ်သည့် KBZ, AYA, MAB, MCB, UAB၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတောင်သူ လယ်သမားဖွံ့ဖြိုးရေးဘဏ်၊ ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ သတ္ထုဖွံ့ဖြိုးရေးဘဏ်တို့တွင်လည်း လျှောက်ထား ချေးယူနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
ချေးငွေရယူလိုသည့် ဆီစက်အသင်းဝင်များအနေဖြင့် ချေးငွေလျှောက်လွှာ ပုံစံသစ်ကို အသင်းရုံးခန်းတွင် ဆက်သွယ်တောင်းယူနိုင်ပြီး သက်ဆိုင်ရာ ဒေသစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီဌာနရုံးမှတစ်ဆင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
“ချေးငွေလျှောက်ချင်သူတွေ တင်ပြဖို့က ဆီစက်ပိုင်ရှင်များအသင်းကိုတော့ ထွေထွေထူးထူး တင်ပြစရာတော့ မလိုပါဘူး။ အသင်းဝင်၊ အသင်းသားဖြစ်ဖို့လိုတယ်။ လုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်တွေတော့ လိုတယ်။ အဲဒီထောက်ခံချက်ကိုတော့ ရုံးချိန်အတွင်း ကြိုက်တဲ့အချိန် လာလျှောက်လို့ရပါတယ်” ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
တခြားဘဏ်တွင် ချေးငွေရယူထားပြီး အပေါင်ပစ္စည်း သီးခြားမရှိသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ PFI ဘဏ်များသို့ ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ခေါင်းစဉ်ဖြင့် ပြောင်းလဲလျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၂၁၃၀၄၄၅ ၊ ၀၉-၇၉၉ ၅၄၀၀၅၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။


