၂၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လခန့်တွင် ဒေါ်လာသန်း ၉၂၀ နီးပါး ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်းနှင့် အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း ထုတ်ရောင်းပေးထားသည်။
နိုဝင်ဘာလအတွင်း ယခုထုတ်ရောင်းပေးမှုအပါအဝင် သုံးကြိမ်ထုတ်ရောင်းပေးမှု ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းပေးထား၍ ယခုဘဏ္ဍာနှစ် ရှစ်လခန့်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၉၁၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၆၀၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၆၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၀၉၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ တစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ၂၅ ကျပ် ကျဆင်းခဲ့ကာ ဒီဇယ်တစ်လီတာကျပ် ၃၀ ဝန်းကျင် မြင့်တက်ခဲ့သည်။
