သက်တံ့
၂၆. ၁၁. ၂၀၂၅
လူမှုကွန်ရက် အင်စတာဂရမ်တွင် ချမ်းသာကြွယ်ဝသော လူ့အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် Hi-So (High Society) ဟုဆိုကာ လိမ်လည်ပြောဆိုသော ထိုင်းအမျိုးသားတစ်ဦးသည် အမျိုးသမီးများကို ဘန်ကောက်မြို့ရှိ လူပြတ်သောနေရာများသို့ မြှူဆွယ်ခေါ်ဆောင်ပြီးနောက် အနည်းဆုံး အမျိုးသမီး ၄ ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့် စော်ကားခဲ့သည်ဟု အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Saimai Survive သို့ တိုင်ကြားသည့် အစီရင်ခံစာအရ သိရသည်။
အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် ပြုကျင့်ခံရသူနှစ်ဦးက Saimai Survive အဖွဲ့ထံ နိုဝင်ဘာ ၂၄ ရက်နေ့က အကူအညီတောင်းခံခဲ့ပြီး ၎င်းတို့၏ အဖြစ်အပျက်များကို အွန်လိုင်းတွင် မျှဝေပြီးနောက် အမျိုးသမီးနှစ်ဦး ထပ်မံဆက်သွယ်လာကြောင်း ပြောကြားခဲ့သည်။
Saimai Survive အဖွဲ့တည်ထောင်သူ Ekkaphop Lueangprasert က ပြုကျင့်ခံရသူနှစ်ဦးစလုံး ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဆိုးရွားသောအဖြစ်အပျက်များကို ပြန်လည်ပြောပြခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ယနေ့ ပြုလုပ်ခဲ့သည်။

ပြုကျင့်ခံရသူများက သံသယရှိသူသည် ချမ်းသာကြွယ်ဝသူအဖြစ် သူ့ကိုယ်သူ ပုံဖော်ခဲ့ပြီး ဇိမ်ခံအဝတ်အစားများနှင့် လက်ဝတ်ရတနာများ ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို အင်စတာဂရမ်တွင် မကြာခဏ တင်လေ့ရှိကြောင်း ပြောကြားခဲ့သည်။
ကျောင်းသူလေးကမူ သူမပြုကျင့်ခံရမှုမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း၊ သူမ၏သူငယ်ချင်းများနှင့်အတူ ဘန်ကောက်ရှိ ရာချာယိုထင်း (Ratchayothin) ဧရိယာတွင် ရှိနေကြောင်း ပြသသည့် လူမှုမီဒီယာပို့စ်များကို သံသယတရားခံက မြင်တွေ့ပြီးနောက် သူမအား သူ့ဆီလာရန် ဇွဲရှိရှိ မက်ဆေ့ခ်ျပို့ခဲ့ပြီးနောက် ထိုနေရာပြင်ပသို့ ထွက်လာရန် ဆွဲဆောင်ခဲ့သည်။ Hi-So ဟု ယူဆရသည့် အမျိုးသား၏ ဆွဲဆောင်မှုကြောင့် သူမက သံသယတရားခံဆီရောက်ရှိသွားချိန် သူမအား ၎င်း၏ကားထဲသို့ ဝင်ရန် တိုက်တွန်းခဲ့ပြီး စွိုင် ပရာဆတ် မာနူကစ် -၂ (Soi Prasert-Manukit 2) ရှိ လူသူကင်းမဲ့သောနေရာသို့ မောင်းပို့ကာ သူမအား ထိုသူက မုဒိမ်းကျင့်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ အကယ်၍ သူမက အဖြစ်အပျက်ကို တိုင်ကြားပါက ဥပဒေကြောင်းအရ ပြန်လည် အရေးယူမည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့ကြောင်း သူမက ဆိုသည်။
ပြုကျင့်သူက သူမအား လည်ပင်းညှစ်ခြင်း၊ ပါးစပ်ကို ပိတ်ခြင်းနှင့် ဆံပင်ကို ဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ခုခံရန် ကြိုးစားသော်လည်း အင်အားချင်း မမျှဘဲ မိနစ် ၄၀ ခန့်ကြာအောင် ပြုကျင့်ခဲ့ရသည်ဟု ဆိုသည်။
ဒုတိယမြောက် သားကောင်ကမူ ဘန်ကောက်ရှိ ထောင်းလို (Thong Lo) ဧရိယာရှိ နိုက်ကလပ်တစ်ခုတွင် သံသယရှိသူနှင့် တွေ့ဆုံပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း ပြောခဲ့သည်။ သူမအား အိမ်ပြန်လိုက်ပို့ပေးမည် ဟူသော ကမ်းလှမ်းချက်ကို လက်ခံလိုက်သော်လည်း ထိုသူက ပရီဒီ ဗာနွမ်ယောင် (Pridi Banomyong) ရှိ မှောင်နေသော လမ်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုသူက သူမအား နမ်းရန် ကြိုးပမ်းခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။ သူမက သူငယ်ချင်းများကို အကူအညီတောင်းရန် ကြိုးစားသော်လည်း ထိုသူက သူမ၏ဖုန်းကို ယူဆောင်သွားခဲ့ပြီးနောက် အခြားလူပြတ်သော နေရာတစ်ခုသို့ မောင်းနှင်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားရန် ထပ်မံကြိုးပမ်းခဲ့သည်ဟု သိရသည်။ အနီးအနားသို့ အခြားကားတစ်စီးရောက်လာပြီး ထိုကားပေါ်မှ အမျိုးသမီးတစ်ဦးက သူမအား ထိုနေရာမှ ထွက်ခွာနိုင်ရန် ကူညီပေးခဲ့သည့်အတွက် သူမ လွတ်မြောက်ခဲ့သည်။
တက္ကသိုလ်ကျောင်းသူက ဖဟွန်ယိုထင်း (Phahonyothin) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီးဖြစ်သော်လည်း ဒုတိယသားကောင်ကမူ တိုင်ကြားခြင်းမပြုရသေးကြောင်း ပြောကြားခဲ့သည်။
Ekkaphop ကမူ သက်ဆိုင်ရာခရိုင်များရှိ ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်ရန် အကြောင်းကြားထားကြောင်း ပြောကြားခဲ့သည်။ ရဲအရာရှိများကမူ သံသယရှိသူကို စုံစမ်းခြင်း သို့မဟုတ် ဖမ်းမိခြင်း စသည့် ဖြစ်နိုင်ခြေရှိသော စွဲချက်များအကြောင်း နောက်ထပ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။
Ref : The Thaiger

