၂၆.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့၊ ကိုရေးလ်ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကို ၁၆ နာရီအကြာတွင်မှ လုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်နှင့်အရပ်ဘက်ကာကွယ်ရေးဌာနက နိုဝင်ဘာလ ၂၆ ရက် နံနက်မှာ ပြောကြားခဲ့ပါတယ်။
ကိုရေးလ် ဆင်းရဲသားရပ်ကွက်မှာ မီးလောင်မှုကို နိုဝင်ဘာလ ၂၅ ရက် ညနေ ၅း၂၂ နာရီမှာ မီးသတ်ဌာနကို ကနဦး သတင်းပို့ခဲ့တာပါ။ မီးသတ်တပ်ဖွဲ့မှ ၁၉ ဖွဲ့ဟာ ဆက်တိုက်တုံ့ပြန်ခဲ့ပြီး ငါးနာရီကြာ ကြိုးပမ်းပြီး နောက် ည ၁၀း၃၅ နာရီလောက်မှ မီးကို ထိန်းချုပ်နိုင်ခဲ့တာပါ။ နိုဝင်ဘာလ ၂၆ ရက် နံနက် ၉း၃၀ နာရီမှာ မီးလုံးဝငြိမ်းသွားတယ်လို့ အတည်ပြုနိုင်ခဲ့တာပါ။
မီးလောင်ကျွမ်းမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို တရားဝင်စုံစမ်းစစ်ဆေးမှုအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မီးဘေးသင့်ပြည်သူတွေအနေနဲ့ T&T Field နဲ့ Khamarbari Field လို လဟာပြင်နေရာတွေမှာ တစ်ညတာ ကုန်ဆုံးခဲ့ကြရပါတယ်။
ဒေသခံ ဖာဟတ်ဟော့စိန်က “ဒီရပ်ကွက်ထဲက အိမ်အများအပြား မီးလောင်ခဲ့ပါတယ်။ အနည်းဆုံး လူ ၂,၀၀၀ လောက် မီးဘေးသင့်မှု သက်ရောက်ခံခဲ့ရပြီး လဟာပြင်နေရာမှာပဲ တစ်ညတာ ကုန်ဆုံးခဲ့ကြရပါတယ်။ ဒီလောက် မီးဘေးသင့်လူအများအပြားအတွက် သူတို့လုပ်ပေးနိုင်တယ်ဆိုတာက အနည်းအကျဉ်းပါ။ ဒီတော့ဒေသတွင်းမှာ ကျွန်တော်တို့ဘာသာ တတ်နိုင်သလောက် လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
Ref- Dhaka Tribune




