၂၆.၁၁.၂၀၂၅
Written by Linn Eain
တစ်ဦးချင်းတစ်ယောက်ချင်း စီးပွားရေးတိုးတက်လာရန်နှင့် လူမှုဘဝမြှင့်တင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ကျုံပျော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးဝန်းအတွင်း နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းသီဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၁) မဲဆန္ဒနယ် (PR)၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က တက်ရောက်လာသူများကို မိတ်ဆက်၍ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လည်းကောင်း၊ အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးရာတွင် ရွေးချယ်ရမည့် နည်းလမ်းများကို လည်းကောင်းရှင်းလင်းပြောကြားခဲ့သည်။






ထိုသို့ရှင်းလင်းပြောကြားရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “တစ်ဦးချင်းတစ်ယောက်ချင်း စီးပွားရေးတိုးတက်လာအောင် ကျွန်တော်တို့ အုပ်ချုပ်မှုကျွမ်းကျင်တဲ့ ပါတီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့မှ လူမှုဘဝကို မြှင့်တင်သွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်အသီးသီးတွင်ရှိသည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တိုင်းရင်းသားရေးရာလွှတ်တော်နေရာများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အင်အားကောင်းသည့်ပါတီဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလင်းခယ်၊ ကျုံပျော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်မင်း၊ ကျုံပျော်ခရိုင် အမျိုးသားလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် (PR)ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဦးနှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်တို့က မိတ်ဆက်စကားပြောကြားကာ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသို့ မဲပေးကြရန် စည်းရုံးပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ကျုံပျော်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ပါတီဝင်နှင့် ပါတီဝန်းရံသူစုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ကျုံပျော်မြို့နယ်၊ ကွင်းကြီးအုပ်စုမှ ကွင်းကြီးရွာမ၊ ဗိုလ်ချုပ်လမ်းတွင် ကွင်းကြီး၊ သင်းတောကြီး၊ သောင်းကြီး၊ တညင်ဆိုင်၊ ဇရပ်ဆိပ်၊ အိုးမဲဇလီ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်အပါအဝင် ကိုယ်စားလှယ်လောင်းများသည် ပြည်ခိုင်ဖြိုးပါတီသို့ မဲပေးရန်နှင့် မဲပေးပုံနည်းလမ်းများကို ရှင်းလင်းပြောကြားကာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







