သက်တံ့
၂၆. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံ ပတ္တရား (Pattaya) မြို့ရှိ အဆောင်တစ်ခုတွင် အမျိုးသမီးအဖြစ်မှ ယောကျ်ားစိတ် ပေါက်နေသော တွမ်ဘွိုင်း (Tomboy) တစ်ဦးသည် ၎င်း၏ အိမ်နီးချင်းကို နိုဝင်ဘာ ၂၃ ရက်၊ (တနင်္ဂနွေနေ့) တွင် ဓားဖြင့်ထိုးခဲ့သည်ဟု သိရပြီး ထိုသို့ တိုက်ခိုက်သည့် အကြောင်းရင်းမှာ ဓားထိုးခံရသူက ဓားထိုးသူတွမ်ဘွိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသည်ဟု မှားယွင်းသော စွပ်စွဲပြောဆိုမှုများ ကြောင့် တွမ်ဘွိုင်းနှင့် သူမ၏ရည်းစားတို့ စကားများခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရရှိခဲ့သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီး Thongsuk Taengrueang အား ဆဝမ် ဘိုရီဘွန် ဓမ္မစတန် ဖောင်ဒေးရှင်း (Sawang Boriboon Dhammastan Foundation) ကယ်ဆယ်ရေးစခန်းသို့ ကုသမှုခံယူရန် ခေါ်ဆောင်လာပြီးနောက် မူးအန်း ပတ္တရား (Mueang Pattaya) ရဲစခန်းမှ အရာရှိများကို ပြစ်မှုနေရာ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

Thongsuk သည် ရင်ဘတ်ကို တစ်ချက်တည်း ဓားထိုးခံခဲ့ရသည်။ ဒဏ်ရာမှာ အနက် နှစ်လက်မခန့် ရှိပြီး ရင်ဘတ်တွင် အလွန်အမင်း တင်းကျပ်မှု ဝေဒနာကို ခံစားခဲ့ရသည်။ သူမ၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု သတင်းပို့ခဲ့သည်။ ကယ်ဆယ်ရေးသမားများက ရှေးဦးသူနာပြုစုပြီးနောက် သူမအား ပတ္တရား ဘတ်တာမာကွန် ဆေးရုံ (Pattaya Bhattamakun Hospital) သို့ လွှဲပြောင်းပေးခဲ့သည်။
Thongsuk က သူမကို တိုက်ခိုက်သူသည် စွိုင် ပတ္တရား ၅ (Soi Pattaya 5) ရှိ ငှားရမ်းထားသော အခန်းတွင် ဘေးချင်းကပ်နေထိုင်သူ တွမ်ဘွိုင်းတစ်ဦးဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အား ပြောကြားခဲ့သည်။ ၎င်းတို့သည် ကြာရှည်စွာ ပဋိပက္ခဖြစ်ခဲ့ဖူးပြီး ဓားထိုးမှုမဖြစ်ပွားမီညက တိုက်ခိုက်သူသည် သူမ၏မှန်ပြတင်းပေါက်ကို ရိုက်ခွဲခဲ့သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် နေအိမ်သို့ သွားရောက်စစ်ဆေးရာ ဒေသခံအုပ်စုတစ်စုက ထိန်းသိမ်းထားသည့် အသက် ၃၅ နှစ်အရွယ် Chanpen Phuttachan အမည်ရှိ တွမ်ဘွိုင်းကို တွေ့ရှိခဲ့သည်။ အရာရှိများက သူမ၏အခန်းကို ရှာဖွေရာ ခေါက်ဓားတစ်ချောင်းကို မှန်တင်စားပွဲအောက်တွင် ဝှက်ထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းဓားကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု သံသယရှိသည်။
Chanpen က Thongsuk သည် သူမ၏ အိမ်နီးချင်းဖြစ်သလို အသက် ၃၈ နှစ်အရွယ် သူမ၏ ရည်းစားအမျိုးသမီးဖြစ်သည့် Som ၏ ဆွေမျိုးလည်းဖြစ်ကြောင်း ရှင်းပြသည်။ Thongsuk သည် မကြာခဏ ဆေးခြောက်သုံးစွဲပြီး စိတ်ဖောက်ပြန်နေချိန်တွင် သူမနှင့် Som တို့ကို အနှောင့်အယှက်ပေးကြောင်း၊ ထို့အပြင် Chanpen (ဓားဖြင့်ထိုးသူတွမ်ဘွိုင်း)နှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသည်ဟု မကြာခဏ မှားယွင်းစွာ ပြောဆိုသည်ဟု စွပ်စွဲခဲ့သည်။

ဓားဖြင့်အထိုးခံရသူ Thongsuk ၏ ထိုကဲ့သို့ မှားယွင်းသော စွပ်စွဲချက်များကြောင့် သူမနှင့် Som တို့ ချစ်သူချင်းအကြား စကားများခဲ့ရသည်မှာ အကြိမ်များစွာရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူမသည် Thongsuk ၏ အပြုအမူများကို စိတ်ပျက် ငြီးငွေ့နေပြီဖြစ်ပြီး ဒေါသထွက်၍ တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
Som ၏ အစ်မဖြစ်သူက Chanpen ၏ ပြောကြားချက်ကို အတည်ပြုခဲ့ပြီး Thongsuk သည် စုံတွဲနှစ်ဦးကြား အငြင်းပွားမှုများကို ပုံမှန်ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
မေးမြန်းစစ်ဆေးပြီးနောက် Chanpen အား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ရာဇဝတ်ဥပဒေပုဒ်မ ၂၉၅ အရ ကိုယ်ကာယ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ထိုပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် နှစ်နှစ်၊ ဘတ်ငွေ ၄၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။
ဆေးစစ်ချက်များက Thongsuk သည် တိုက်ခိုက်မှုကြောင့် စိုးရိမ်ဖွယ်ရာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း အတည်ပြုပါက Chanpen သည် ပိုမိုပြင်းထန်သော ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်သည်။
Ref : The Thaiger
