◾️ ယခုဖြစ်ပွားမှုမှာ အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျားဗားတွင် လူ ၃၄ ဦးသေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည့် ရေကြီးမြေပြိုမှုကို ရှာဖွေကယ်ဆယ်မှုများ ရပ်ဆိုင်းသည့်နေ့တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်
၂၆. ၁၁. ၂၀၂၅
Translated by Thettant
ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် လူအနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး အခြား ၆ ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုများက ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းတွင် မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်ခန့်မှ စတင်ခဲ့သော ပြီးခဲ့သည့်တစ်ပတ်အတွင်း မုတ်သုံမိုးကြောင့် မြစ်များ ရေလျှံပြီး မြေ၊ ကျောက်တုံးနှင့် သစ်ပင်များ အတူတကွ အရှိန်အဟုန်ဖြင့် လှိမ့်ဆင်းလာကာ တောင်ကုန်းပေါများသော ကျေးရွာများကို ဖြတ်စားတိုက်ခိုက်သွားခဲ့သောကြောင့် မြောက်ဆူမတြားပြည်နယ်ရှိ ခရိုင် ၆ ခုတွင် သက်ရောက်မှုရှိသော နေရာများသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် အခက်အခဲဖြစ်နေကြောင်း အမျိုးသားရဲတပ်ဖွဲ့က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယနေ့ ဗုဒ္ဓဟူးနေ့အရောက်တွင် ကယ်ဆယ်ရေးလုပ်သားများသည် အဆိုးဆုံးထိခိုက်ခဲ့သော စီဘိုလ်ဂါ (Sibolga) မြို့တွင် အနည်းဆုံး ရုပ်အလောင်း ၅ ခုနှင့် ဒဏ်ရာရရှိသူ ၃ ဦးကို ပြန်လည်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေကြောင်း သတင်းပို့ထားသော ရွာသား ၄ ဦးကို ရှာဖွေနေကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ အိမ်နီးချင်း ဗဟို တာပါနူလီ (Central Tapanuli) ခရိုင်တွင် မြေပြိုမှုများက အိမ်များစွာကို ထိခိုက်စေခဲ့ပြီး အနည်းဆုံး မိသားစုဝင် ၄ ဦး သေဆုံးခဲ့ရကာ ရေကြီးမှုများကြောင့် အိမ်နှင့် အဆောက်အအုံ ၂,၀၀၀ နီးပါး ရေမြုပ်ခဲ့သည်။
ထို့အပြင် ရေကြီးမှုနှင့် မြေပြိုမှုများသည် တောင်တာပါနူလီ (South Tapanuli) ခရိုင်တွင် သစ်ပင်များကို အမြစ်ပြတ်လဲစေခဲ့ပြီး ရွာသားတစ်ဦး သေဆုံးကာ နောက်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ မန်ဒိုင်လင်နာတဲလ် (Mandailing Natal) ခရိုင်ရှိ တံတားတစ်စင်း ပျက်စီးသွားပြီး အိမ် ၄၇၀ ရေမြုပ်ခဲ့သည်။ နီးယက်စ် (Nias) ကျွန်းတွင် အဓိကလမ်းမကြီးတစ်ခုကို ရွှံ့များ၊ အပျက်အစီးများက ပိတ်ဆို့ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
လူမှုမီဒီယာပေါ်ရှိ ဗီဒီယိုများတွင် ထိတ်လန့်နေသော ဒေသခံများ ဘေးလွတ်ရာသို့ အပြေးအလွှား ရွှေ့ပြောင်းနေစဉ် ရေများက အိမ်ခေါင်မိုးများပေါ်မှ စီးကျလာနေပုံကို ပြသနေသည်။ အချို့ဒေသများတွင် ရေကြီးမှုများ လျင်မြန်စွာ မြင့်တက်လာပြီး လမ်းများကို သစ်ပင်ပင်စည်များနှင့် အပျက်အစီးများအား သယ်ဆောင်လာသော အရှိန်ပြင်းသည့် ရေစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
စီဘိုလ်ဂါရဲမှူး အက်ဒီ အင်ဂန်တာ (Eddy Inganta) က အရေးပေါ် ခိုလှုံရာနေရာများ ထူထောင်ထားပြီး အာဏာပိုင်များက အန္တရာယ်များသော ဇုန်များရှိ ဒေသခံများကို ချက်ချင်းရွှေ့ပြောင်းရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။ ထိုတောင်ကုန်းထူထပ်သောမြို့တွင် မြေပြိုမှု ၆ ကြိမ် ဖြစ်ပွားပြီးနောက် အိမ် ၁၇ လုံးနှင့် ကော်ဖီဆိုင်တစ်ဆိုင် ပြိုလဲခဲ့ရပြီး ဆက်လက်မိုးရွာသွန်းနေပါက နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်သည်ဟု သတိပေးခဲ့သည်။
ရာသီဥတုဆိုးရွားမှုနှင့် ရွှံ့မြေများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း အင်ဂန်တာက ပြောကြားပြီး ကယ်ဆယ်ရေးသမားများက ခက်ခဲကြမ်းတမ်းသော အခြေအနေများကို ရင်ဆိုင်နေရသောကြောင့် သွားလာရေးကန့်သတ်ချက်များ ရှိနေသေးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အင်္ဂါနေ့က ဖြစ်ပွားသော ဆူမတြားကျွန်း၏ သဘာဝဘေးအန္တရာယ်များသည် အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗား (Java) ရှိ ဒေသနှစ်ခုတွင် ၁၀ ရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် သက်သာရာရမှု ကြိုးပမ်းမှုများ ပြီးဆုံးကြောင်း အမျိုးသားဘေးအန္တရာယ် လျှော့ချရေးအေဂျင်စီ (National Disaster Mitigation Agency) က တရားဝင် ကြေညာခဲ့သည့်နေ့တွင်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ဗဟိုဂျာဗားပြည်နယ်ရှိ စီလာချက်ပ် (Cilacap) နှင့် ဘန်ဂျာနီဂါရာ (Banjarnegara) ခရိုင်များတွင် မြေအောက်မြုပ်နေသူများကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်သား ၁,၀၀၀ ကျော်ကို ချထားခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ရသည်။
လုပ်ငန်းများ ပြီးဆုံးချိန်တွင် စီလာချက်ပ်တွင် အနည်းဆုံး ၂ ဦး နှင့် ဘန်ဂျာနီဂါရာ တွင် ၁၁ ဦးတို့သည် ပျောက်ဆုံးနေဆဲဖြစ်သည်။ မြေကြီးမတည်ငြိမ်မှု၊ ရာသီဥတုဆိုးရွားမှုနှင့် မြေပြိုပစ္စည်းများ၏ နက်ရှိုင်းမှု၊ ကျယ်ပြန့်မှုတို့သည် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများအတွက် မြင့်မားသော ဘေးအန္တရာယ် ဖြစ်စေနိုင်သောကြောင့်ဟု အေဂျင်စီက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ကျွန်းပေါင်း ၁၇,၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး၊ သန်းနှင့်ချီသော လူများ တောင်ထူထပ်သော ဒေသများ သို့မဟုတ် မြေဩဇာကောင်းသော မြစ်ရေလွှမ်းလွင်ပြင်များအနီးတွင် နေထိုင်ကြရာ အောက်တိုဘာလမှ မတ်လခန့်အထိ ရာသီဥတုအလိုက် မိုးကြီးခြင်းကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref : Business Standard


