
၂၅.၁၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ(၄)လမ်းရှိ လူမနေသည့်အိမ်နှင့် ကားအလှဆင်ပစ္စည်းအရောင်းဆိုင်တို့ ယနေ့ နိုဝင်ဘာလ ၂၅ ရက် ည ၆ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် လူမနေသည့် အလျား ပေ ၂၀၊ အနံပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ညှပ် ပျဥ်ခင်း နှစ်ထပ်နေအိမ်တစ်လုံးနှင့် အလျားပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုးပျဥ်ကာ ကွန်ကရစ်ခင်း ကားအလှပစ္စည်းအရောင်းဆိုင်၏ ထပ်ခိုးတို့ မီးလောင်ကျွမ်းခဲ့သည်။
၁၅ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် လူမနေသောအိမ်နှင့် ကားအလှဆင်ပစ္စည်းဆိုင်ထပ်ခိုးအပါအဝင် ကားအလှဆင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၄ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၂၂ မိနစ်ခန့်အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ စတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းကို စစ်ဆေးလျက်ရှိသည်။
