၂၅.၁၁.၂၀၂၅
Written By Thandar




Bo Bo Film Production က Traditional Horror ဇာတ်လမ်းပုံစံ “ပန်ဒိုရာ”ရုပ်ရှင်ဇာတ်ကားကြီးကို Premiere Show ပွဲအခမ်းအနား ယနေ့ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။
“ ဒီနေ့ ကျွန်တော့်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရင်ခုန်တာတွေရော၊ စိတ်လှုပ်ရှားရတာတွေရော အများကြီးပါ။ ကျွန်တော့်အတွက် သူတော်တစ္ဆေ ဇာတ်ကားအပြီး ဒီကားမှာ ပိုတာဝန်ကြီးတဲ့ ဇာတ်ကောင်အနေနဲ့ ရိုက်ခဲ့ရတဲ့ ရုပ်ရှင်လေးပါ။ ကျွန်တော့်ကို နေရာပေးတဲ့ ဇာတ်ကောင်ကိုလည်း တာဝန်ကျေချင်တယ်။ တာဝန်ကျေဖို့အတွက် ဘာပဲလုပ်ရလုပ်ရလုပ်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ ဇာတ်လမ်းကိုမှ မတူညီတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေပါတဲ့ကား မကြာခင်ရုံတင်ရင်လည်း အားပေးကြဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင်ရဲလွင်ဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာ ဒီဒီထက်အောင်က ပရိသတ်အကြိုက် တွေ့စေမယ့် Traditional Horror စစ်စစ်ကိုပုံဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ မင်းဘုန်းမြတ်၊ ရဲလွင်ဦး၊ အကယ်ဒမီမေမြင့်မိုရ်၊ ခြူးစစ်ဟန်၊ ဆုထက်လှိင်၊ ဇော်ဝင်းနိုင် (မန်း) စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ပန်ဒိုရာ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာပြည်တွင်းရှိ အဆင့်မြင့်ရုံတွေမှာရုံတင်ပြသမှာဖြစ်ပါတယ်။
