
၂၅.၁၁.၂၀၂၅
Written by Hey Mar
အိမ်မီးလောင်ပြီး ကျန်းမာရေး ချို့ယွင်းနေတဲ့ အမျိုးသားတစ်ဦး မီးထဲလောင်ကျွမ်းသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၂၄ ရက် ညသန်းခေါင်အချိန်က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က၊ ဓနုဖြူမြို့(၁၀)ရပ်ကွက် ၊ (၂)လမ်း(မြို့ပတ်ဘုရားလမ်း)မှာ နေအိမ်တစ်လုံးမီးလောင်မှု့ဖြစ်ပွားတဲ့ သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက သွားရောက်ကာပူးပေါင်းပြီးဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှု့ကြောင့် ဝါးဓနိနဲ့ တည်ဆောက်ထားတဲ့ နေအိမ် (၁) လုံး မီးလောင်ကုန်ဆုံးပြီး အသက် (၃၇) နှစ်အရွယ် ကိုဇော်လင်း(ကျမ်းမာရေးချို့တဲ့နေသည်ဟုသိရ)ဆိုသူ (၁) ဦး သေဆုံးခဲ့တယ်လို့ ထာဝရအလင်းတန်း ရုံးခွဲ (၁) ဧရာမင်းသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါတာဝန်ရှိသူက ” သူတို့အိမ်မှာက ကလေးနှစ်ယောက်နဲ့ သေဆုံးသူနဲ့ပဲ အတူနေတာ။ ကလေးနှစ်ဦးက သူတို့ဆွေမျိုးတွေအိမ်ဘက် သွားနေတုန်းမှာ ဖြစ်သွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မီးလောင်ပြင်က ရုပ်အလောင်းကို ဧရာမင်းသားပရဟိတအသင်း ကူညီသယ်ဆောင်ပြီး ဓနုဖြူဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
