၂၅.၁၁.၂၀၂၅.
Translated by Htwe Ko Tun
နိုဝင်ဘာ ၂၄ ရက်နေ့မှာ ရုရှားအစိုးရအဖွဲ့ရဲ့ ထိပ်တန်းလက်ထောက်ဖြစ်တဲ့ ယူရီ ယူရှာကော့ဗ်က ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အစီအစဉ်အပေါ် ဥရောပနိုင်ငံတွေက ပြင်ဆင်ရေးဆွဲတင်ပြခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးတန်ပြန်အဆိုပြုချက်ကို အပြုသဘော မဆောင်တဲ့အတွက် ရုရှားအစိုးရအနေနဲ့ လက်မခံနိုင်ဘဲ ပယ်ချရလိမ့်မယ်လို့ နိုဝင်ဘာလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့က ဦးဆောင် တင်ပြခဲ့တဲ့တန်ပြန်အဆိုပြုချက်ကို ယူရီ ယူရှာကော့ဗ်က “ပထမတစ်ချက်ကြည့်လိုက်ရင် ဒီအဆိုပြုချက်က လုံးဝအပြုသဘော မဆောင်ပါဘူး။ ကျွန်တော်တို့နဲ့လည်း လုံးဝ ကိုက်ညီမှုမရှိပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရရဲ့ ဥရောပမိတ်ဖက်တွေက ထရမ့်ပ်အစိုးရမှ ထောက်ခံသော အချက် ၂၈ ချက်ပါ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်က ရုရှားကို အလွန်အမင်း မျက်နှာသာပေးတယ်လို့ ဝေဖန်ကြပြီး ဥရောပနိုင်ငံတွေက ပြင်ဆင်မှုပြုထားတဲ့ တန်ပြန်အဆိုပြုချက်ကို တင်ပြခဲ့ကြတာပါ်။
ရိုက်တာသတင်းဌာနမှ ရရှိခဲ့တဲ့ ဥရောပရဲ့တန်ပြန်အဆိုပြုချက် မှာ ယူကရိန်းစစ်တပ်အင်အားအပေါ် ၆၀၀,၀၀၀ အထိ ကန့်သတ်ထားရာက ၈၀၀,၀၀၀ အထိ တိုးမြှင့်ခဲ့ပြီး ယူကရိန်းကို ဒွန်ဘတ်စ်ဒေသမှာ နောက်ထပ်နယ်မြေတွေ စွန့်လွှတ်ဖို့တောင်းဆိုမှုကို လျှော့ချဖို့ အပါအဝင် ယူကရိန်းအစိုးရအပေါ် အပြင်းထန်ဆုံး တောင်းဆိုမှုအချို့ကို ပျော့ပျောင်းစေခဲ့ပါတယ်။
ဥရောပရဲ့ အဆိုပြုချက်မှာ လက်ရှိရှေ့တန်းတစ်လျှောက် အပစ်အခတ်ရပ်စဲရန်လည်း တောင်းဆိုထားပြီး နေတိုး၏ အပိုဒ် ၅ ကို ထင်ဟပ်စေတဲ့ ယူကရိန်းအတွက် အမေရိကန်၏ လုံခြုံရေးအာမခံချက်တွေကိုလည်း တောင်းဆိုထားပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Kyiv Independent သတင်းစာရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်မှု မရှိခဲ့ပါဘူး။
ဥရောပရဲ့ တန်ပြန်အဆိုပြုချက်ကို ငြင်းပယ်နေတုန်းမှာပဲ ယူရှာကော့ဗ်က အလက်စကာပြည်နယ် ထိပ်သီးအစည်းအဝေးအတွင်း ဆွေးနွေးပြီးဖြစ်တဲ့ အမေရိကန်အဆိုပြုချက်အစီအစဉ်ရဲ့ အချက်များစွာကို ရုရှားအစိုးရက လက်ခံနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်အဆိုပြုချက်အစီအစဉ်ကို ရုရှားနိုင်ငံမှ ရေးသားခဲ့တာဆိုတဲ့ ကောလာဟလတွေထွက်ပေါ် လာလို့ ဥရောပအစိုးရတွေနဲ့ အမေရိကန်ဥပဒေပြုအမတ်တွေထံမှပင် ပြင်းထန်သောတုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အဆိုပြုချက်အစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက်နောက်ဆုံးထား လက်မှတ်ရေးထိုးဖို့ ယူကရိန်းကို ဖိအားပေးခဲ့ပေမယ့် အမေရိကန်အရာရှိတွေက လက်ရှိဆွေးနွေးပွဲတွေအတွင်း နောက်ဆုံးရက်ကို တိုးချဲ့နိုင်တယ်ဆိုတာ အချက်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေကြား သီတင်းပတ်ကုန်က ဂျီနီဗာမှာ တွေအဆုံဆွေးနွေးမှုတွေအပြီးမှာတော့ အဆိုပြုချက်မှာ ပြောင်းလဲမှုတွေရှိပုံရပြီး နှစ်ဖက်စလုံးက အစည်းအဝေးကို အကျိုးဖြစ်ထွန်းစေတယ်လို့ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
Financial Times ရဲ့ သတင်းရင်းမြစ်ကို ထုတ်ဖော်မှုမရှိတဲ့သတင်းတစ်ပုဒ်အရ ပြင်ဆင်ထားသော အစီအစဉ်ကို အချက် ၁၉ ချက်အထိ လျှော့ချခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဘယ်အစိတ်အပိုင်းတွေကို ဖယ်ရှားခဲ့တယ်ဆိုတာ ရှင်းလင်းမှုမရှိပါဘူး။
မီဒီယာအများအပြားကတော့ အစီအစဉ်ရဲ့ သိမ်မွေ့တဲ့ ရှုထောင့်တွေကို ထရမ့်ပ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးဟာ ယခုအပတ်အစောပိုင်းမှာ အမေရိကန်ကို သွားရောက်နိုင် တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
Ref- Kyiv Independent
