၂၅.၁၁.၂၀၂၅.
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ နိုဝင်ဘာလ ၂၅ ရက်က ပြုလုပ်ခဲ့တာမှာ အနည်းဆုံး အရပ်သား ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ တာလီဘန်အစိုးရရဲ့ အဆိုအရ သိရပါတယ်။
ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါမြို့ရှိ လုံခြုံရေးအဆောက်အအုံတစ်ခုမှာ နိုဝင်ဘာလ ၂၄ ရက်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက်မှာ ပါကစ္စတန်က အခုလို လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့တာပါ။
“ပါကစ္စတန်ကျူးကျော်တပ်ဖွဲ့တွေက ခို့စ့်ပြည်နယ် ထဲက ဒေသခံအရပ်သားတစ်ဦးရဲ့ အိမ်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာမှာ ယောက်ျားလေးငါးဦးနဲ့ မိန်းကလေးလေးဦး အပြင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်” လို့ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
ကူနာနဲ့ ပက်တီကာ နယ်စပ်ဒေသတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း နောက်ထပ် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဇာဘီဟူလာ က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အစိုးရတာဝန်ရှိသူတွေနဲ့ ပါကစ္စတန်စစ်ဖက်ကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေး တုံ့ပြန်ပြောကြားမှု မပြုခဲ့ပါဘူး။
ပက်ရှ်ဝါမြို့မှာရှိတဲ့ ပါကစ္စတန် လက်နက်ကိုင် ဖက်ဒရယ် ရဲတပ်ဖွဲ့ဌာနချုပ်ကို ပစ်မှတ်ထားပြီး နိုဝင်ဘာလ ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ အသေခံတိုက်ခိုက်မှုမှာတော့ အရာရှိသုံးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။ ဒီအသေခံ ဗုံးခွဲ အကြမ်းဖက်မှုကို ဘယ်အဖွဲ့အစည်းကမှတော့ သူတို့လက်ချက်လို့ မပြောကြားခဲ့ပေမယ့် နိုင်ငံပိုင် ရုပ်သံလိုင်း PTV က အကြမ်းဖက် တိုက်ခိုက်သူတွေဟာ အာဖဂန်နစ္စတန် နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ပါကစ္စတန်သမ္မတ အာဆစ်ဖ် ဇာဒါရီက “နိုင်ငံခြားမှ ကျောထောက်နောက်ခံပြုထားသော Fitna al-Khawarij” ကို အပြစ်တင်ခဲ့ပါတယ်။ ဒါက အာဖဂန်မြေမှ လှုပ်ရှားနေတယ်လို့ စွပ်စွဲထားတဲ့ Tehreek-e-Taliban Pakistan (TTP) စစ်သွေးကြွတွေကို ရည်ညွှန်းတဲ့ ပါကစ္စတန်အစိုးရရဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာပြန်လည်ရရှိပြီးနောက်ပိုင်း ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အကြား ဆက်ဆံရေးဟာ အကျပ်အတည်းတွေဖြစ်လာရပြီး အောက်တိုဘာလမှာ နှစ်ဖက်စလုံးမှ လူ ၇၀ ခန့် သေဆုံးခဲ့တဲ့ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာတော့ ပိုလို့ဆိုးရွားလာခဲ့ပါတယ်။
တိုက်ခိုက်မှုတွေက ကာတာနဲ့ တူရကီတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စတန်ဘူလ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေက ရေရှည်သဘောတူညီချက်တစ်ခုမရရှိခဲ့ပါဘူး။ လုံခြုံရေးပြဿနာတွေနဲ့အတူ အထူးသဖြင့် အာဖဂန်နစ္စတန်အစိုးရအနေနဲ့ TTP တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းဖို့ ပါကစ္စတန်ရဲ့ တောင်းဆိုမှုတို့က အခက်အခဲဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ပါကစ္စတန် အစိုးရက တာလီဘန်တွေဟာ ပါကစ္စတန်ကို နှစ်ပေါင်းများစွာ သွေးထွက်သံယို စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့သော TTP အပါအဝင် စစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အာဖဂန်နစ္စတန် အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆိုပြီး ပါကစ္စတန်အစိုးရဟာ အာဖဂန်နစ္စတန်ကို ရန်လိုတဲ့ အဖွဲ့တွေကို ခိုလှုံခွင့်ပေးပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Ref-France 24
