၂၅.၁၁.၂၀၂၅
Written by Linn Eain
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည်နှင့် ဒေသအကျိုး အမှန်တကယ်ဆောင်ရွက်မည့်သူများကို ရွေးချယ်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ရေကြည်မြို့နယ်မဲဆန္ဒနယ်(FPTP)၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ခန်းမမြေကွက်လပ်တွင် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များတွေ့ဆုံပွဲတွင် ဦးတင်မောင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။




တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းက “နိုင်ငံတော်က ရည်မှန်းထားသလို ဆန်အိုးကြီး၊ ဆီအိုးကြီးအပြင် ရွှေအိုးကြီးဖြစ်လာမယ်။ သို့သော် အလုပ်လုပ်မှ ဖြစ်မယ်။ အလုပ်လုပ်ဖို့ကို တကယ့်ကို ဦးစီးဦးဆောင် ဆောင်ရွက်နိုင်မဲ့သူတွေကို ရွေးချယ်ရမယ်။ တိုင်းပြည်နဲ့ ဒေသအကျိုးကို တကယ့်ကို ဆောင်ရွက်မဲ့သူတွေကို ဒီရွေးကောက်ပွဲမှာ ရွေးချယ်ရမှာဖြစ်တယ်။ နောက်တစ်ချက်ကလည်း အမြင်လေးတွေပေါ့။ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးနဲ့ ပတ်သက်လို့လည်း စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်တွေ ပြီးပြည့်စုံရင်တော့ အကောင်းဆုံးပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းပြီး လိုက်နာသူများဖြစ်မည်ဆိုလျှင် မိမိတို့နိုင်ငံကြီးသည် မျှော်မှန်းထားသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦိးတင်မောင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒီထက်ပိုပြီးတော့ တို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းတဲ့ လိုက်နာတဲ့သူတွေ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီးဟာ မျှော်မှန်းထားတဲ့အတိုင်း အမြန်ဆုံးဖွံ့ဖြိုး တိုးတက်သွားမှာဖြစ်ပါတယ်” ဟု
ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် – ၁ (PR)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် – ၁ (ကျုံပျော်ခရိုင်တစ်ခုလုံး) FPTP ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်း၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိချောအပါအဝင် ကရင်နှင့် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ
တက်ရောက်ဆွေးနွေးခဲ့ကြသည်။
