၂၅.၁၁.၂၀၂၅
Written By Thandar
ဒါရိုက်တာ မင်းသန့်မောင်မောင် ရိုက်ကူးတဲ့ Super Starz Academy Reality ရဲ့ အနုပညာဝါသနာပါသူ ရွေးချယ်ခံရသူ အယောက် ၂၀ ကို မိတ်ဆက်ပေးတဲ့ Premiere Show ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ Reality Show မှာတော့ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ အေးမြတ်သူ၊ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်တို့က အကဲဖြတ်စိစစ်ရွေးချယ်ပေးခဲ့တဲ့ အနုပညာဝါသနာရှင် ပြိုင်ပွဲဝင် အယောက် ၂၀ ကို မိတ်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။




“ကျွန်တော် Reality Show ပြိုင်ပွဲက လူငယ်တွေအတွက် ကောင်းမွန်အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်ခဲ့ တယ်လို့လည်း ပြောလို့ရပါတယ်။ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော့်ရဲ့ ရင်ထဲကိုလည်း တကယ်ထိပါတယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ သူ့တို့တွေက သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဗဟုသုတရခဲ့ပါတယ်။ အတွေ့အကြုံလည်းရခဲ့တယ်။ ပရိသတ်တွေအနေနဲ့လည်း တစ်ခုခုရသွားလိမ့်မယ်လို့ ယုံကြည်တယ်။ Entertainment အနေနဲ့လည်း ရသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီပြိုင်ပွဲဝင်တွေ ရှိလို့သာ ဒီပြိုင်ပွဲကြီးက ဖြစ်လာတာမို့ နောက်ဆုံးအနေနဲ့ ပြိုင်ပွဲဝင်အယောက် ၂၀ လုံးကို ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။
အနုပညာလောကမှာ ကြယ်တစ်ပွင့်အနေနဲ့ တောက်ပလာမယ့် ခေါင်းဆောင်မင်းသား/မင်းသမီးဖြစ်လိုတဲ့ အနုပညာဝါသနာပါသူတွေအတွက် Show Like ရဲ့ Winner ရရှိသူတွေကတော့ ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသား/မင်းသမီးအဖြစ် တင်မြှောက်ရိုက်ကူးပေးသွားမှာပဲဖြစ်ပါတယ်။




“အဓိက ကျွန်တော်တို့ မြန်မာပြည်မှာပြောကြတယ်လေ။ သရုပ်ဆောင်ကောင်းဖို့က အဓိကလား မင်းသား၊ မင်းသမီးဖြစ်ဖို့က အဓိကလားပြောတယ်ဆိုပေမယ့် အဲဒီစကားဟာ အမှန်အတိုင်းပြောရရင် ဖြေသိမ့်စကားလို့ လက်ခံတယ်။ လူတိုင်းက Main ကာရိုက်တာရရင် အဲနေရာမှာပဲ လုပ်ချင်ကြတာ။ Main နေရာပဲ ရိုက်ချင်ကြတာပါ။ Main ကာရိုက်တာမရလို့သာ သရုပ်ဆောင်ကောင်းဖြစ်ရင်တော်ပါပြီဆိုပြီး နှစ်သိမ့်တယ်လို့ပဲ ကျွန်တော်တော့မြင်တယ်။ အားလုံးက မင်းသား၊ မင်းသမီးဖြစ်ခွင့်ရမယ်ဆိုရင် ဖြစ်ချင်သူတွေပါပဲ။ ဒီ ၂၀ လုံးက ခေါင်းဆောင်မင်းသား/ခေါင်းဆောင်မင်းသမီးဖြစ်ချင်ကြတာပါ။ ဒီအထဲက တစ်ယောက်ကို Life Changed အနေနဲ့ ထိုက်ထိုက်တန်တန် ခေါင်းဆောင်မင်းသား၊ မင်းသမီး Show Like ကဖြစ်ခွင့်ပေးမှာပါ”လို့ Super Star Academy Programရဲ့ Producer ကိုသက်ထွေးဇော် (Blessed Entertainment CEO) က ပြောပါတယ်။
