◾ လူသတ်၊ မုဒိမ်းမှု ကျူးလွန်ခဲ့သူများ ပြစ်ဒဏ်ကျခံရမည်မှအပ ကျန်သူများ သက်ညှာမည်ဖြစ်သလို မဲပါပေးနိုင်ဟု ဖိတ်ခေါ်
သတိုး
၂၆. ၁၁. ၂၀၂၅
မြန်မာနိုင်ငံ၏ တိုးတက်မှုများကြောင့် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့်ပေးသည့် အမေရိကန်၏ TPS ရပ်ဆိုင်းမှုကို အပြုသဘောဆောင်သောလုပ်ရပ်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ချီးကျူးလိုက်ပြီး လူသတ်၊ မုဒိမ်းမှုများမှအပ ကျန်ပြစ်မှု ကျူးလွန်ခဲ့သူများကို သက်ညှာပေးမည်ဖြစ်သလို အမေရိကန်မှ လွတ်လပ်စွာ ပြန်လာနိုင်သည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် မဲပါပေးနိုင်သည်ဟု ဖိတ်ခေါ်လိုက်သည်။




“ဒီနေ့မှာတော့ အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားများအပေါ်မှာ TPS (Temporary Protected Status) ပေးထားတာကနေ ရပ်ဆိုင်းလိုက်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ ဒီနေ့ အမေရိကန် ပြည်တွင်းလုံခြုံ ရေးဝန်ကြီးဌာန (Department of Homeland Security)ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်အရ အမေရိကန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေကို TPS ပေးထားတာကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့သတင်း ကြားသိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ TPS ရပ်ဆိုင်းရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ပြီ ဖြစ်ကြောင်းသုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကို သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ် တယ်လို့ မှတ်ယူပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ ကြိုဆိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတည်းက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်သူများကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကျန်သူများကတော့ အထူး သက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ် လို့ ကြေညာချက်မှာ ပါခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ ကြေညာချက်ကြောင့်လည်း ထွက်ပြေးတိမ်းရှောင်သူ တော်တော်များများ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံ အတွင်းမှာ ကောင်းမွန်စွာနေထိုင်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ပြည်ထောင်စု အကျိုးအတွက် ဖိတ်ခေါ်ချက်များဆိုပြီး PDF အမည်ခံ လက်နက်ကိုင်အုပ်စုတွေကိုလည်း တရား ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်ချက်ကြောင့်လည်း PDF အမည်ခံလက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်ပါ တယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ လည်း ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပ တော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရန် ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အခုကျွန်တော်တို့ နိုင်ငံမှာ မကြာမီအချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသား တွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင် နိုင်ဖို့ လက်ကမ်းကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖိတ်ခေါ် ပြောကြားသည်။
အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့နိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့်အရ ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း (Temporary Protected Status – TPS) ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း အမေရိကန် အမိမြေ လုံခြုံရေး ဝန်ကြီးဌာန (US Department of Homeland Security) က တနင်္လာနေ့ (နိုဝင်ဘာ ၂၄ ရက်) တွင် အသိပေးစာ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသည့် TPS သည် အင်္ဂါနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၆၀ အကြာတွင် စတင်သက်ရောက်မည်ဖြစ်သည်။
ဖက်ဒရယ်မှတ်တမ်း (Federal Register) တွင် ထုတ်ပြန်သည့် အဆိုပါ အသိပေးစာတွင် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ဝန်ကြီး/အတွင်းရေးမှူးသည် မြန်မာနိုင်ငံ၏ အခြေအနေများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ အမေရိကန် အစိုးရအေဂျင်စီများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံသည် ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း သတ်မှတ်ချက်များအတွက် ဆက်လက်ပြည့်မီခြင်း မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့သည်” ဟု ဖော်ပြထားသည်။
အဓိကဆုံးဖြတ်သည့် အချက်အလက်များမှာ DHS ၏ သုံးသပ်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေကို တရားဝင် ရပ်စဲခဲ့ပြီး၊ ဒီဇင်ဘာ ၂၀၂၅ နှင့် ဇန်နဝါရီ ၂၀၂၆ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို စတင်ကျင်းပမည်ဟု ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့အတူ တပ်မတော်သည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။
အလားတူ ဒေသတွင်း အုပ်ချုပ်ရေးစနစ်များ၊ ကျန်းမာရေးစနစ်၊ တရားစီရင်ရေးစနစ်နှင့် ဥပဒေစိုးမိုးရေးကဏ္ဍများတွင် တိုးတက်မှုများ ရှိလာခဲ့သလိုမြန်မာနိုင်ငံသားအချို့သည် ၂၀၂၁ မေလ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခရီးသွားရန်အတွက် ကြိုတင်ခွင့်ပြုချက် စာရွက်စာတမ်း (Advance Parole Documents) များကို တောင်းခံခဲ့ကြခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသားများကို TPS ပေးထားခြင်းကြောင့် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများလည်း ရှိနေခဲ့ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မြန်မာနိုင်ငံသားများ၏ B-1/B-2 (စီးပွားရေး/ခရီးသွား) ဗီဇာ သက်တမ်းကျော်လွန်နေထိုင်မှုနှုန်းသည် ၃၈ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး၊ F, M, နှင့် J ဗီဇာ (ကျောင်းသား/လဲလှယ်ရေး) သက်တမ်းကျော်လွန်နေထိုင်မှုနှုန်းသည် ၅၉ ဒသမ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ ဤနှုန်းထားများသည် အခြားနိုင်ငံများ၏ ပျမ်းမျှနှုန်းထားများထက် ၁၅ ဆကျော်နှင့် ၁၇ ဆကျော် မြင့်မားနေသည်။
ထို့အတူ မြန်မာနိုင်ငံသားများအတွက် TPS သက်တမ်းတိုးခြင်းသည် အမေရိကန် သမ္မတ ထရမ့်ပ်၏ နိုင်ငံခြား အကြမ်းဖက်သမားများနှင့် အခြားသော နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုများမှ အမေရိကန်ကို ကာကွယ်ရန်အတွက် နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ခြင်း ဆိုင်ရာ ညွှန်ကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ယင်းအပြင် DHS မှတ်တမ်းများအရ TPS အကျိုးခံစားခွင့် ရှိသူအချို့သည် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် စုံစမ်းစစ်ဆေးမှုအောက်တွင် ရှိနေကြောင်း သို့မဟုတ် လိမ်လည်မှုဖြင့် လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့်များ ရယူရန် ကြိုးပမ်းနေကြောင်း တွေ့ရှိရသဖြင့် အမေရိကန်၏ အမျိုးသားအကျိုးစီးပွား ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် TPS ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သလိုအဆိုပါ ရပ်စဲခြင်းသည် ရက် ၆၀ အတွင်း အကျိုးသက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ TPS သတ်မှတ်ချက်အောက်တွင် လက်ရှိ အမေရိကန်ပြည်ထောင်စု၌ နေထိုင်နေသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိပြီး ၂၄၀ ခန့်မှာ ဆိုင်းငံ့ခံထားရသည်။
မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ဂျိုး ဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှစ၍ ၂၀၂၅ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၁၈ လ သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလစ်ကန်ပါတီဝင် ဒေါ်နယ်ဒ် ထရမ့်ပ်သည် တစ်ကျော့ပြန်သမ္မတတာဝန် ပြန်လည်ယူစဥ် ယခုနှစ် ဇန်နဝါရီလကတည်းက လူဝင်မှု ကြီးကြပ်ရေးကို တင်းကျပ်သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံအများအပြားမှ နိုင်ငံသားများအတွက် TPS များကို ရုပ်သိမ်းခဲ့ရာ ယခုမူ မြန်မာနိုင်ငံသားများအတွက် TPS ရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်ကောင်းမွန်လာမှုကြောင့် ဖြစ်သလို ဂျိုးဘိုင်ဒန်လက်ထက် လက်ခံခဲ့သော ဒုက္ခသည်များကိုလည်း ပြန်လည် စိစစ်တော့မည်ဖြစ်သည်။
အဆိုပါ ဘိုင်ဒန့်ကာလသည် နွေဦးတော်လှန်ရေးဟု အမည်တပ်ကာ နိုင်ငံကြီးများသို့ ခိုလှုံခွင့်ရရေး ထွက်ပြေးသူများ အများဆုံးလက်ခံခဲ့သော ကာလလည်းဖြစ်သဖြင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားအများအပြား စိစစ်ခံရဖွယ်ရှိနေသည်။
