၂၆.၁၁.၂၀၂၅
Written by Linn Eain
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ဧရာမင်းခန်းမ၌ နိုဝင်ဘာလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်သူများအား တွေ့ဆုံနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီးနောက် ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)အား One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းပြုလုပ်ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုခဲ့သည်။





ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ထိရောက်လျှင်မြန်စွာ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် (၅)ဦးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အတွင်း အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသူများ မကျန်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးနှင့် မှားယွင်းမှုမရှိရေးအတွက် အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်သူများသို့ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်(၃)ဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား စားသောက်ဖွယ်ရာများ အသီးသီး ပေးအပ်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးတို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများကိုလည်း Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။
