၂၅.၁၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အစွန်ပိုင်းရှိ နွန်သာဘူရီပြည်နယ်အတွင်းမှ ရတ်ဖရာခွန်သမ်အမည်ရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ကျောင်းမှာ မီးသင်္ဂြိုဟ်ဖို့ သယ်ဆောင်လာတုန်း ဘုရားကျောင်းမှာ အခေါင်းထဲက လှုပ်ရှားမှုပြုတာကိုတွေ့ရာကနေ ထိုင်းအမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ဘုရားကျောင်းက နိုဝင်ဘာလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါအမျိုးသမီးကို မီးသင်္ဂြိုဟ်ဖို့ အခေါင်းထဲထည့်ပြီး ဘုရားကျောင်းကိုလာပို့တုန်းမှာ ဘုရားကျောင်းဝန်ထမ်းတွေက အခေါင်းအတွင်းမှ ခေါက်သံတိုးတိုးလေးကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီမှာ ဘုရားကျောင်းရဲ့ အထွေထွေနဲ့ ဘဏ္ဍာရေးဆိုင်ရာမန်နေဂျာ ပိုင်ရတ် ဆွတ်သွတ်က “ကျွန်တော် နည်းနည်းအံ့သြသွားလို့ အခေါင်းကိုဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခေါင်းကိုလည်းဖွင့်လိုက်ရော သူမက မျက်လုံးအနည်းငယ်ဖွင့်ပြီး ခေါင်းတလားဘေးကို ခေါက်နေတာကို ကျွန်တော်မြင်လိုက်တယ်။ သူမ အတော်ကြာ ခေါက်နေခဲ့ပုံရတယ်” လို့ ပြောခဲ့ပါတယ်။

ဘုရားကျောင်းကနေ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ဗီဒီယိုတစ်ခုတင်ခဲ့ရာမှာ ပစ်ကပ်ကားရဲ့ နောက်ဘက်ရှိ အဖြူရောင်အခေါင်းထဲမှာ အမျိုးသမီးတစ်ဦး လဲလျောင်းနေပြီး သူမ၏လက်မောင်းများနဲ့ ဦးခေါင်းတို့ အနည်းငယ်လှုပ်ရှားနေတာကို တွေ့ကြရပါတယ်။
ပိုင်ရတ်က အသက် ၆၅ နှစ်အရွယ် အဆိုပါ အမျိုးသမီးရဲ့အစ်ကိုက အမျိုးသမီးကို သေဆုံးသွားတဲ့အတွက် မီးသင်္ဂြိုဟ်ဖို့ ဖစ်ဆန် နူလော့ပြည်နယ်မှ ကားမောင်းနှင်ပြီးလာပို့ခဲ့တာလို့ AP သတင်းဌာနကို နိုဝင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပိုင်ရတ်က အစ်ကိုဖြစ်သူက သူ့ညီမမှာ နှစ်နစ်ခန့် အိပ်ရာထဲတွင် လဲနေခဲ့ရပြီး ကျန်းမာရေးကလည်း ယိုယွင်းလာကာ တုံ့ပြန်မှု တစ်စုံတစ်ရာမရှိတော့ဘဲ လွန်ခဲ့သော နှစ်ရက်က အသက်ရှူရပ်သွားပုံရတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် အစ်ကိုဖြစ်သူက တုံ့ပြန်လှုပ်ရှားမှုမရှိတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ခေါင်းတလားထဲထည့်ပြီး အမျိုးသမီးက သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းလိုတယ်လို့ အရင်က ပြောခဲ့တဲ့ ၅၀၀ ကီလိုမီတာခရီးရှိ ဘန်ကောက်က ဆေးရုံတစ်ရုံဆီကို သွားပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဆေးရုံက အစ်ကိုဖြစ်သူမှာ တရားဝင်သေစာရင်းလက်မှတ်မရှိလို့ ခန္ဓာကိုယ်လှူဒါန်းမှုကို လက်မခံခဲ့ဘူးလို့လည်း ပိုင်ရတ်က ပြောကြားခဲ့ပါတယ်။ ရတ်ဖရာခွန်သမ် ဘုရားကျောင်းက အခမဲ့ မီးသင်္ဂြိုဟ်ဝန်ဆောင်မှုကို လုပ်ဆောင်ပေးတာဆိုတော့ အစ်ကိုဖြစ်သူက နိုဝင်ဘာလ ၂၃ ရက်မှာ ဘုရားကျောင်းကို သေဆုံးနေပြီဆိုတဲ့ ညီမရဲ့အလောင်းကို မီးသင်္ဂြိုဟ်ပေးဖို့ လာရောက်ချဉ်းကပ်ပြောကြားခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့် တရားဝင်သေစာရင်း စာရွက်စာတမ်း မရှိတော့ ဘုရားကျောင်းကလည်း မီးသင်္ဂြိုဟ်ပေးဖို့ ငြင်းခဲ့ပြီး တရားဝင်သေစာရင်းရဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အစ်ကိုဖြစ်သူကို ရှင်းပြနေချိန်မှာပဲ အခေါင်းအတွင်းက ခေါက်သံကို ကြားခဲ့ကြတာလို့ ပိုင်ရတ်က ပြောခဲ့ပါတယ်။
ဒီနောက်မှာတော့ အမျိုးသမီးကို စစ်ဆေးမှုပြုပြီး အနီးနားရှိ ဆေးရုံတစ်ရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က သူမအတွက် ဆေးကုသစရိတ်တွေကို ကျခံပေးမယ်လို့လည်း ပိုင်ရတ်က ပြောခဲ့ပါတယ်။
Ref- AP
