◾️ မြန်မာနိုင်ငံက ထွက်ပြေးလာသည့် ဒုက္ခသည်များကို အမေရိကန်က ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ လူဦးရေ ၁၉၀၀၀၀ နီးပါး လက်ခံထား
သတိုး
၂၅. ၁၁. ၂၀၂၅
အမေရိကန်ပြည်ထောင်စုက ဆယ်စုနှစ်များစွာကြာအောင် စစ်ပွဲနှင့် နှိပ်စက်ညှဉ်းပန်းမှုများမှ ထွက်ပြေးလာသူများကို ကြိုဆိုခဲ့သည့် အစီအစဉ်အပေါ် နောက်ဆုံး ထိခိုက်မှုတစ်ရပ်အနေဖြင့် ဒေါ်နယ်ဒ်ထရမ့်ပ်အစိုးရသည် ယခင်အစိုးရဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တွင် အမေရိကန်သို့ ဝင်ရောက်ခွင့်ပြုခဲ့သော ဒုက္ခသည်အားလုံးကို ပြန်လည်စိစစ်ရန် စီစဉ်နေသည် ဟု The Associated Press (AP) သတင်းဌာနမှ တနင်္လာနေ့တွင် ရရှိခဲ့သော မှတ်တမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ဤကဲ့သို့ ပြန်လည်စိစစ်မှုသည် ဘိုင်ဒန်လက်ထက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက် (မြန်မာနိုင်ငံအရေးအခင်းကာလနှင့် ထပ်တူနီးပါး) ကာလအတွင်း အမေရိကန်သို့ ရောက်ရှိလာခဲ့သည့် ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ နီးပါးတို့အတွက် စိုးရိမ်ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေဖွယ်ရှိလာသည်။
ထိုသို့လုပ်ဆောင်မှုသည် အမေရိကန်၌ ဘဝသစ်တည်ဆောက်ရန် ကြိုးစားနေသူများအပေါ် အစိုးရ၏ “အကြင်နာတရားကင်းမဲ့စွာ ဆက်ဆံမှု” တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြောကြားခဲ့သော ဒုက္ခသည်များကို ထောက်ခံသူအချို့ထံမှ ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ်ရှိသည်။
◾️ AP မှတ်တမ်း၏ အဓိကအချက်များ
အမေရိကန်နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုများဌာန(USCIS) ၏ ညွှန်ကြားရေးမှူး Joseph Edlow လက်မှတ်ရေးထိုးထားသည့် ထိုမှတ်တမ်းတွင် ဒုက္ခသည်များကို ပြန်စိစစ်မည့် အကြောင်းပြချက်များအဖြစ် Biden လက်ထက်တွင် ဒုက္ခသည်များကို “အသေးစိတ်စိစစ်ခြင်းနှင့် လျှောက်လွှာစစ်ဆေးခြင်း”ကဲ့သို့ စနစ်တကျ လုပ်ဆောင်မှုထက် “လျင်မြန်ခြင်း” နှင့် “အရေအတွက်” ကို ဦးစားပေးခဲ့သည်ဟု ထောက်ပြခဲ့သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း လက်ခံခဲ့သော ဒုက္ခသည်အားလုံးကို ပြည့်စုံစွာ ပြန်လည်စစ်ဆေးခြင်းနှင့် ပြန်လည်မေးမြန်းခြင်း ပြုလုပ်ရန် လိုအပ်သည်ဟု မှတ်တမ်းက ဆိုသည်။
ပြန်လည်မေးမြန်း စိစစ်မည့် ဒုက္ခသည်စာရင်းကိုလည်း သုံးလအတွင်း ထုတ်ပြန်မည်ဟု မှတ်တမ်းက ဖော်ပြထားသည်။
◾️ ရေရှည်နေထိုင်ခွင့်နှင့် ပတ်သက်၍ အရေးယူမှုများ
ထို့အပြင် မှတ်တမ်းအရ ဂျိုးဘိုင်ဒန် အာဏာရယူထားသော ကာလအတွင်း အမေရိကန်သို့ ရောက်ရှိလာသော ဒုက္ခသည်များအတွက် ရေရှည်နေထိုင်ခွင့် (Green Card) ခွင့်ပြုချက်များကို ချက်ချင်းရပ်ဆိုင်းလိုက်သည်ဟုလည်း သိရသည်။
“USCIS သည် ဥပဒေကို ထိန်းသိမ်းရန်နှင့် ဒုက္ခသည်အစီအစဉ်ကို အလွဲသုံးစားမခံရစေရန် သေချာစေရန် အသင့်ရှိနေသည်” ဟု USCIS ညွှန်ကြားရေးမှူး Edlow က ရေးသားခဲ့သည်။
◾️ ဒုက္ခသည်များကို ပြန်လည်စိစစ်မည့်အပေါ် ဝေဖန်မှုများ
ဒုက္ခသည်အစီအစဉ်ကို ထောက်ခံသူများက ကမ္ဘာတစ်ဝန်းမှဒုက္ခသည်များသည် အမေရိကန်သို့ လာရောက်သူအားလုံးတွင် အများဆုံး စစ်ဆေးခြင်း ခံရသူများဖြစ်ပြီး ၎င်းတို့သည် ဝင်ရောက်ခွင့်ရရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရကြောင်း ပြောကြားကြသည်။
ပြန်လည်စိစစ်ခြင်း သတင်းသည် အမေရိကန်သို့ ရောက်ရှိရန် ကျယ်ပြန့်သော စိစစ်မှုများကို ဖြတ်သန်းပြီးသား လူအများကို စိတ်ထိခိုက်စေလိမ့်မည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အေဂျင်စီဖြစ်သည့် HIAS ၏ ဒုတိယဥက္ကဋ္ဌ Naomi Steinberg က “ဒီအစီအစဉ်ဟာ အံ့သြစရာကောင်းလောက်အောင် အစီအစဉ်ဆွဲမှု အားနည်းပါတယ်” ဟု ပြောကြားခဲ့သလို “ဒါဟာ ဘဝသစ်တည်ဆောက်နေပြီး သူတို့ရဲ့ အသိုင်းအဝိုင်းတွေကို ကြွယ်ဝအောင် လုပ်နေသူတွေအပေါ် အစိုးရက အကြင်နာကင်းမဲ့စွာ ဆက်ဆံတဲ့ အနိမ့်ဆုံးအဆင့်သစ်တစ်ခုပါ” ဟု မှတ်ချက်ပြုခဲ့သည်။
◾️ ဒုက္ခသည် ဝင်ရောက်မှု
Biden အစိုးရသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ဒုက္ခသည် ၁၈၅,၆၄၀ ဦး ကို လက်ခံခဲ့ပြီး အများဆုံးမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလားနှင့် ဆီးရီးယားတို့အပြင် မြန်မာနိုင်ငံသည်လည်း ပါဝင်သည်။
Edlow ၏ အဆိုအရ “ယခင်က နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် အခြေအနေများ သို့မဟုတ် ဒုက္ခသည်များအတွက် အခိုင်အမာကြောက်ရွံ့မှု၊ နှိပ်စက်သူများ၏ တားမြစ်ချက်နှင့် အခြားဖြစ်နိုင်ခြေရှိသော ဝင်ရောက်ခွင့်မရနိုင်သည့် အကြောင်းအရင်းများ” ကို တင်းတင်းကျပ်ကျပ် ပြန်လည်စစ်ဆေးရန် ရည်ရွယ်ကြောင်း ထောက်ပြနေသည်။
အမေရိကန်သည် မြန်မာဒုက္ခသည်တို့အတွက် ခိုလှုံရာနေရာဖြစ်ပြီး ဒုက္ခသည်များ စီမံဆောင်ရွက်ရေးဌာန၏ အချက် အလက်များအရ ၂၀၁၁ မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၁၇,၅၅၇ ဦး ကို အမေရိကန်သို့ လက်ခံခဲ့ရာ ထိုကာလအတွင်း မြန်မာနိုင်ငံသည် အမေရိကန်၏ ဒုက္ခသည်အများဆုံးလက်ခံခဲ့သော နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစတင် ရေတွက်ပါကမူ အမေရိကန်က မြန်မာဒုက္ခသည် ၁၈၈,၀၉၅ ဦးကျော်ကို လက်ခံခဲ့သည်ဟု သိရသည်။
ထို့အပြင် ထရမ့်ပ်အစိုးရသည် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုဖြစ်စဉ်ကြောင့် ခွင့်ပြုပေးခဲ့သော ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း (TPS) ကို အမိမြေလုံခြုံရေး ဝန်ကြီးဌာန၏ ဝန်ကြီး/ အတွင်းရေးမှူး (Secretary) မှ နိုဝင်ဘာ ၂၅ ရက်တွင် ရပ်စဲလိုက်ကြောင်း ကြေညာလိုက်ပြီး ထိုရပ်စဲကြောင်း ကြေညာချက်သည် ရက်ပေါင်း ၆၀ အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီ ၅၉ မိနစ်တွင် စတင်သက်ရောက်မည်ဖြစ်သည်။
ထို့အတူ ထရမ့်ပ်၏ ဘိုင်ဒန်လက်ခံခဲ့သော ဒုက္ခသည်များကို ပြန်လည်စိစစ်မှုတွင် မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုကိုအကြောင်းပြကာ နိုင်ငံကြီးများတွင် ခိုလှုံနေထိုင်လိုသဖြင့် ဂျိုးဘိုင်ဒန်လက်ထက်တွင် အကြောင်း အမျိုးမျိုးပြကာ ပြည်ပထွက်ပြေးခိုလှုံခဲ့သောသူများအပေါ် အဓိက သက်ရောက်လာစေမည်ဖြစ်သည်။
Ref : AP & The Diplomat
