၂၅.၁၁.၂၀၂၅
Written by Hey Mar
သုံးဘီးဆိုင်ကယ် မီးလောင်ပြီး ကယ်ရီမောင်းနှင်သူ ခန္ဓာကိုယ်အောက်ပိုင်း ပြင်းထန်စွာ လောင်ကျွမ်းခံခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ၂၅ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်က အင်းစိန်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၁၁ နာရီ ၂၃ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပုလဲလမ်းမပေါ်မှာ သုံးဘီးဆိုင်ကယ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ Super Myanmar ရေဘောင်ဆာယာဉ်တစ်စီး ထွက်ခွာငြှိမ်းသတ်ပေးခဲ့ပြီး အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲရှိ စေတနာ့လုပ်အားရှင်တွေက ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူကို ရှေးဦးပြုစုခြင်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရ အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခါးအောက်ပိုင်းတစ်ခုလုံး ထိခိုက်ခဲ့တာမို့ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူက “ဆီကန် အဖုံးပွင့်ပြီး အပြင်လျှံရာက မီးပွင့်ပုံရပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံနဲ့ အဆင့်ခွဲရရင်တော့ အနီရောင်အဆင့်ပေါ့။ ခြေထောက်၊ ပေါင်၊ ခါးအောက်ပိုင်း အကုန်ထိတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လူနာကို ကြက်ခြေနီအရေးပေါ်လူနာတင်ယာဥ်နဲ့ အင်းစိန်ဆေးရုံကြီးဆီ အရေးပေါ် တင်ပို့ပေးခဲ့ပြီး မိသားစုနဲ့လည်း ဆက်လက် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
