၂၅.၁၁.၂၀၂၅
Written by Hey Mar
ဉာဏ်ရည်မသန်စွမ်းသူတွေအတွက် Regional Games 2025 ကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ Special Olympics Myanmar ရဲ့ လူမှုကွန်ရက်မှတစ်ဆင့် သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ရဲ့အစီအစဉ်နဲ့ ၂၀၂၅ ခုနှစ်အတွက် ဆောင်းရာသီ အားကစားပြိုင်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပဲခူး၊ မော်လမြိုင်မြို့က စုစုပေါင်း (၈)နေရာမှာ အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ အားကစားသမား စုစုပေါင်း ၃၀၄ ဦးက အားကစားနည်း (၆)မျိုးကို ယှဥ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲတွေက ရရှိလာတဲ့ စံချိန်တွေဟာ ၂၀၂၅ နိုဝင်ဘာလ (၂၉-၃၀)ရက်တွေအတွက် တောင်ကြီးမှာ ပြုလုပ်မယ့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲ (2025 Regional Games) ဝင်ရောက်ယှဉ်ပြိုင်မယ့် လူရွေးချယ်ဖို့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဉာဏ်ရည်မသန်စွမ်းသူများအားကစားပြိုင်ပွဲအတွက် ကစားသမားတချို့ကို လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာတစ်ဦးက “ကလေးတွေက မသန်စွမ်းကလေးတွေပါ။ ဒေါင်းဆင်ဒရုမ်းနဲ့ အော်တစ်ဇင်ကလေးတွေပေါ့။ သူတို့ကလည်း လူတွေထဲက လူပါပဲ။ သူတို့ကိုလည်း လူကြားထဲ ဝင်ဆန့်စေချင်တယ်။ မိဘတွေမရှိရင်တောင် သူတို့ကိုယ်တိုင် ရပ်တည်နိုင်စေချင်တယ်။ ကျန်းမာသန်စွမ်းပြီး သူတို့ဝါသနာပါရာလေးတွေမှာ ကျွမ်းကျင်စေချင်လို့ပါ။ ပြိုင်ပွဲလေးကတော့ ၂၉၊ ၃၀ ကို တောင်ကြီးမြို့က အိမ်ရှင်အနေနဲ့ကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲကနေ ထူးချွန်ရင် ရန်ကုန်မှာပြိုင်ပြီး နိုင်ငံတကာနဲ့ ပြိုင်ကြမှာ။ တချို့ဆို ဒူဘိုင်းထိ ပြိုင်ရတာရှိတယ်” လို့ MT News ကို ပြောပါတယ်။
တောင်ကြီးအားကစားပွဲအတွက် ကုန်ကျစရိတ် အားလုံးကို ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးက ထောက်ပံ့ပေးမှာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်းတစ်ထောင်နီးပါး ဖြစ်တယ်လို့ သိရပါတယ်။
ဂျာမနီသံရုံးရန်ကုန်ကလည်း ၎င်းတို့လက်ရှိဆောက်ရွက်နေတဲ့ စီမံကိန်းငယ်တွေရဲ့တစိတ်တပိုင်းအဖြစ် Special Olympics Myanmar နဲ့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ဂျာမနီသံရုံးကလည်း အဆိုပါပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ်သူတွေကို အားပေးလျက်ရှိကြောင်း၊ ဉာဏ်ရည်ဉာဏ်သွေးမသန်စွမ်းသူတွေက အားကစားကနေတစ်ဆင့် စိတ်ဆုံးဖြတ်နိုင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ခံနိုင်ရည်ရှိမှုကို စွမ်းဆောင်ပြသနိုင်လာမှာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

