၂၅. ၁၁. ၂၀၂၅
Written by Linn Eain
မိမိတို့ပါတီအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီမြို့နယ်ခန်းမ မြေကွက်လပ်တွင် နိုဝင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များတွေ့ဆုံပွဲတွင် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ကျွန်တော်တို့ပါတီအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ဦးဆောင် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုက လူသားတိုင်း လူသားတိုင်း ကျွန်တော်တို့ တိုင်းဒေသကြီးက လူတွေလည်း ဒီဆန္ဒပဲရှိမယ်ထင်ပါတယ်။ စားဝတ်နေရေးပြည့်စုံကြွယ်ဝရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခု အလုပ်အကိုင်အခွင့်အလမ်း ယနေ့နည်းပါးနေသေးတဲ့အတွက် ပြည်ပမှာ အလုပ်ထွက်လုပ်တဲ့သူ များနေပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ပါတီအနေနဲ့ စီမံကိန်းချပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP)နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းလည်း တက်ရောက်ဆွေးနွေးခဲ့သည်။
ထို့ပြင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် – ၁ (ကျုံပျော်ခရိုင်တစ်ခုလုံး) FPTP ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်း၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိချောအပါအဝင် ကရင်နှင့် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရေကြည်မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ပါတီဝန်းရံသူ စုစုပေါင်း အင်အား ၁၉၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ရေကြည်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် – ၁ (PR)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်သည် လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။









