◾ ပြည်သူများအကြား ကျပ်တည်းမှုပြယုဂ်အဖြစ် ပေါ်ဆန်းဆန်တစ်ပြည်က တစ်နေ့တာလုပ်အားခထက် ၂၈ ရာခိုင်နှုန်းကျော် ပိုများနေ
၂၅. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွှေဘိုဆန်အဟောင်း (ထူးထူးရှယ်) သည် ဝယ်ရင်းဈေးနှုန်းသည်ပင် တစ်အိတ်ကျပ် ၂၃၀,၀၀၀ အထိ မြင့်တက်နေ၍ တစ်ပြည်ကို ကျပ် ၁၀,၀၀၀ အထက်ရောင်းရမည်ဖြစ်သောကြောင့် တချို့လက်လီဆန်ဆိုင်များ ရွှေဘိုဆန်အဟောင်း (ထူးထူးရှယ်) ကို ထပ်မံဝယ်ယူမရောင်းချဘဲ ရပ်နားထားကြောင်း သိရသည်။
“ရွှေဘိုဆန်အဟောင်းပေါ့။ ထူးထူးရှယ်တွေက ဝယ်ရတဲ့ဈေးကိုက တစ်အိတ်ကို ၂၃၀,၀၀ ဖြစ်နေတာဆိုတော့ ပြန်ရောင်းရင် သယ်ယူစရိတ်တွေနဲ့ ဘာနဲ့ဆို တစ်ပြည်ကို ၁၀,၀၀၀ ကျော်ရောင်းရတော့မှာ။ အခုက ဈေးနှုန်းတင်ရောင်းရင် ဖမ်းမယ်ထုတ်ထားတော့ ဈေးနှုန်းလည်း မပြောရဲဘူး။ အဲဒါကြောင့် ရွှေဘိုထူးထူးရှယ်ကို ထပ်ဝယ်မရောင်းတော့တာ” ဟု သင်္ဃန်းကျွန်းမြို့ရှိ လက်လီဆန်အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
သို့သော်လည်း ယခုနှစ်မိုးစပါးရာသီမှ ထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းဆန်အသစ်များသည် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀ ဝန်းကျင်၊ တစ်ပြည်ကို ကျပ် ၇၅၀၀ ဝန်းကျင်သာရှိကြောင်း သိရပြီး ဆန်လက်လီဆိုင်တချို့မှာမူ ရွှေဘိုထူးထူးရှယ်ထက် ရွှေဘိုပေါ်ဆန်းဆန်အသစ်များကိုသာ ဝယ်ယူရောင်းချနေကြောင်း ၎င်းက ပြောသည်။
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံမှ အလုပ်သမားတစ်ဦးမှာ တစ်နေ့တာလုပ်အားခက ထောက်ပံကြေးများပေါင်းလျင်ပင် ကျပ် ၇၈၀၀ သာရှိချိန် ပေါ်ဆန်းဆန်စျေးနှုန်းမှာ တစ်ပြည် ကျပ် ၁၀၀၀၀ ခန့်ဖြစ်လာနေသဖြင့် ပြည်သူများမရှိမဖြစ်စားသုံးရသော ဆန်အမျိုးအစားများထဲမှ အကောင်းဆုံးပေါ်ဆန်းဆန်မှာ လူတစ်ဦး၏ တစ်နေ့တာလုပ်အားခထက် ၂၈ ရာခိုင်နှုန်းကျော် ပိုမိုနေသည်ကိုလည်း တွေ့ရသည်။
လက်ရှိတွင်မူ ရန်ကုန်တိုင်းအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် (ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူများ/ လက်လီဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ဆက်သွယ်ပြီး ဤအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း အသိပေးထားသည်။
မိမိတို့လက်ဝယ်သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှ၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားသည်။
