၂၄.၁၁.၂၀၂၅
Written by Hey Mar
ကျောင်းကြို/ပို့ယာဉ်တံဆိပ်နဲ့ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်ကဲတိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး၊ လူကြီးတစ်ဦးသေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူနယ်ခံတစ်ဦးက MT News ထံ ဆက်သွယ်ပြောပြပါတယ်။
ဖြစ်စဉ်က အဆိုပါ ကျောင်းကြို/ပို့ယာဉ်က ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲ တိုက်မိတယ်လို့ သိရပါတယ်။ တိုက်မိမှုကြောင့် ကယ်ရီတစ်စီးမှာ ဆန့်ကျင်ဘက် ယာဉ်ကြောဘက်ကို လွင့်စင်ရောက်ရှိသွားပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးအောက် ကယ်ရီယာဉ်မောင်း ရောက်ရှိသွားကာ နေရာတင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါကျောင်း ကြို/ပို့ယာဉ်ကပဲ နောက်ထပ် တိုက်မိတဲ့ ကယ်ရီမှာ ကလေးနေမကောင်းလို့ ဆေးခန်းပြပြီး ပြန်လာတဲ့ သားအမိတစ်တွေ စီးနင်းလာရာ နောက်က တိုက်တဲ့အရှိန်ကြောင့် မိခင်နဲ့ ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြုတ်ကျတာကြောင့် ကလေးက မိခင်လက်မှ လွတ်ထွက်ကာ နောက်မှမောင်းနှင်လာတဲ့ Light truck ယာဉ်က တိုက်ကြိတ်လို့ ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ ဒေသခံက “ကလေးက တစ်နှစ်သားလေး။ အမေက ဘာမှဖြစ်ဘူး။ ပွန်းပဲ့လောက်ပဲ။ ကယ်ရီဆရာတစ်ဦးလည်း ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာရတယ်။ ကလေးနဲ့ ကယ်ရီဆရာတော့ နေရာတင်သေဆုံးတယ် စတိုက်တဲ့ မှန်လုံက ကားသမားက ပြေးသွားတယ်”လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတို့ကို သက်ဆိုင်ရာက လှိုင်သာယာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။










